5.12.13

ယာဆာအာရာဖတ်အဆိပ်ခတ်သတ်ခံရခြင်း မဟုတ်ဟု ပြင်သစ် ပညာရှင် ပြောကြား

ပါလက်စတိုင်း ခေါင်းဆောင် ယာဆာအာရာဖတ်မှာ အဆိပ်ခတ် လုပ်ကြံသတ်ဖြတ် ခံရခြင်း မဟုတ်ဘဲ သဘာဝ အတိုင်း သေဆုံးရခြင်း ဖြစ်သည်ဟု ပြင်သစ် ပညာရှင်များက ပြောကြား လိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

အသက် ၇၅ နှစ်အရွယ် ယာဆာအာရာဖတ်၏ ကျန်းမာရေး ရုတ်တရက် ဆိုးရွားလာပြီး ပြင်သစ် စစ်ဆေးရုံတွင် ၂၀၀၄ ခုနစ် နိုဝင်ဘာလက သေဆုံး ခဲ့ခြင်းကို အဆိပ်ခတ် လုပ်ကြံသတ်ဖြတ် ခံရသည်ဟု ခန့်မှန်း ပြောကြားမှုများ၊ ကောလာဟလများ ထွက်ပေါ်လာခဲ့သည်။



ထို့အပြင် အလောင်းကို ခွဲစိတ် စစ်ဆေးခြင်း မရှိသလို ပြင်သစ်ဆရာဝန် များကလည်း မည်သည့်အတွက် ယာဆာအာရာဖတ် သေဆုံးရခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားနိုင်ခြင်း မရှိခဲ့ပေ။

ပါလက်စတိုင်း လူမျိုးများကမူ အာရာဖတ်ကို အစ္စရေးနိုင်ငံက လုပ်ကြံ သတ်ဖြတ်သွားခြင်း ဖြစ်သည်ဟု ယူဆခဲ့သော်လည်း အစ္စရေးနိုင်ငံက စွပ်စွဲမှုများကို ငြင်းဆိုထားသည်။

လက်ရှိ ပြင်သစ် ပညာရှင်များ၏ စစ်ဆေးတွေ့ရှိမှုကို အံ့အားသင့်မှု မရှိကြောင်း အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူပဲမာက AFP သတင်းကို ပြောကြားသည်။

သို့သော်လည်း ပြင်သစ် ပညာရှင်များ၏ စစ်ဆေးတွေ့ရှိမှုကို သံသယ ရှိကြောင်း အာရာဖတ် သေဆုံးမှုကို စုံစမ်း စစ်ဆေးနေသည့် ပါလက်စတိုင်း အဖွဲ့ခေါင်းဆောင်က ပြောကြားလိုက်သည်။

ယာဆာအာရာတ်ဖတ် သေဆုံးမှုနှင့် ပိုလိုနီယံ အဆိပ်ကြား ဆက်သွယ်မှု ရှိကြောင်း Al Jazeera သတင်းက ၂၀၁၂ ဇူလိုင်လအတွင်း မှတ်တမ်း ထုတ်လွှင့်ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံက အာရာဖတ် သေဆုံးမှုနှင့် ပတ်သက်ပြီး တရားဝင် စုံးစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်။

ယင်းကဲ့သို့သော သတင်းများ ထွက်ပေါ်လာသဖြင့် ပါလက်စတိုင်းနှင့် အစ္စရေးနိုင်ငံကြား တင်းမာမှုများ မြင့်တက်လာပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန် စီစဉ်နေမှုများတွင် နှောင့်နှေးမှုများ ပေါ်ပေါက်ခဲ့သည်။

ပိုလိုနီယံ အဆိပ်ဖြင့် သတ်ဖြတ် ခံရသည်ဆိုသော သတင်းမှာ ယုတ္တိမရှိဘဲ ယာဆာအာရာဖတ်ကို သတ်ဖြတ်ချင်ပါက သေနတ်ကျည်ဆန် တစ်တောင့် အသုံးပြုပြီး အလွတ်တကူ သတ်ဖြတ်နိုင်ကြောင်း ၁၉၉၄ ခုနစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အစ္စရေး သမ္မတဟောင်း ပီးရတ်နှင့် လက်ရှိ ဝန်ကြီးချုပ် ရာဘင်တို့က ပြောကြားသည်။

အော်စလို ငြိမ်းချမ်းရေး စာချုပ်ကို ၁၉၉၃ ခုနှစ်တွင် လက်မှတ်ရေးထိုး နိုင်ခဲ့သဖြင့် ပါလက်စတိုင်း ခေါင်းဆောင် အာရာဖတ်နှင့် အစ္စရေးသမ္မတ ပီးရတ်တို့ကို ၁၉၉၄ ခုနစ်တွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပေးအပ်ခဲ့ပြီး နှစ်နိုင်ငံကြား ပဋိပက္ခများ ဖြေရှင်းနိုင်လိမ့်မည်ဟု အများက မျှော်လင့်ခဲ့ကြသော်လည်း လက်ရှိ အချိန်အထိ ငြိမ်းချမ်းရေး အဖြေမရှာနိုင်သေးပေ။

သုံးနှစ်ကြာ ဆိုင်းငံ့လျက်ရှိသော အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ရန် အမေရိကန် ပြည်ထောင်စု ဦးဆောင် ကြိုးပမ်း ပေးခဲ့သော်လည်း သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း ဒေသများတွင် အစ္စေရေးနိုင်ငံက ဂျူးအခြေချ နေထိုင်ရေး စခန်းများ တိုးချဲ့နေခြင်းကြောင့် ဆွေးနွေးပွဲတွင် တိုးတက်မှုများ မရရှိသေးပေ။

The Voice Weekly

0 comments:

Post a Comment