5.12.13

ပြည်တွင်း ပြည်ပရှိ မြန်မာ့ဘောလုံးပရိတ်သတ်များ၏ မျှော်လင့်ချက်တစ်ခုကို အသက်သွင်းရမည့် မြန်မာ ယူ -၂၃ ဘောလုံးအသင်း

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းအားကစား ပွဲတော်ကြီးကို ဒီဇင်ဘာလ ပထမပတ်အတွင်းတွင် စတင် ယှဉ်ပြိုင်ကစားကြတော့မှာဘဲ ဖြစ်ပါတယ်။ ဘောလုံးပွဲစဉ်များအဖြစ် ဒီဇင်ဘာလ (၇) ရက်နေ့တွင် အမျိုးသား ယူ-၂၃ ဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားကြတော့မည် ဖြစ်ပြီး၊ မြန်မာအသင်းကတော့ အုပ်စု (B) မှာ အင်ဒိုနီးရှား၊ ထိုင်း၊ လာအို၊ အရှေ့တီမော၊ ကမ္ဘောဒီးယား စသည့် အသင်းများဖြင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပါတယ်။ နိုဝင်ဘာလ လကုန်ခါနီး ကာလတွေမှာ အားကစားနည်းအသီးသီးမှ အားကစားသမားများကို ပမာဏ စာရင်းမှ နောက်ဆုံး အပြီးသတ်လူရွေးချယ်ခြင်းများကို ပြုလုပ်ခဲ့သည်ကိုလည်း သတင်းဂျာနယ်များမှာ ရေးသားဖော်ပြနေမှုအရ ကြားသိရပါတယ်။ 


မြန်မာ့လက်ရွေးစင် ယူ -၂၃ ဘောလုံးအသင်းကတော့ ပြီးခဲ့တဲ့ ဧရာဝတီယူနိုက်တက်အသင်းနှင့် ခြေစမ်းပွဲအပြီးမှာ နိုင်လင်းဦးကို ထပ်မံ ပဏာမစာရင်းထဲမှာ ထည့်သွင်းထားခဲ့ပြီး၊ စုစုပေါင်း ပဏာမ လူစာရင်း (၂၇) ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အပြီးသတ်လူစာရင်းကိုတော့ ကမ္ဘောဒီယားအသင်းနှင့် ဗွေဆော်ဦး စတင်ယှဉ်ပြိုင်ခါနီး တစ်ရက်အလိုမှာမှ ထုတ်ပြန်မည် ဖြစ်ကြောင်းကိုလည်း သိရပါတယ်။ ဆီးဂိမ်းဘောလုံးပြိုင်ပွဲမှာ ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ဆီးမီးဖိုင်နယ် တက်ရောက်နိုင်မှု မှတ်တမ်းများမှာ မြန်မာအသင်းသည် ပြိုင်ပွဲ (၆) ကြိမ်မှာ (၄) ကြိမ်တိတိ အကောင်းဆုံး (၄) သင်းထဲဝင်နိုင်ခဲ့ပါတယ်။ အအောင်မြင်ဆုံးနှစ်အဖြစ် ပြီးခဲ့တဲ့ ၂၀၀၇ ဆီးဂိမ်းမှာ ငွေတံဆိပ်ဆု ရရှိခဲ့ခြင်းဘဲ ဖြစ်ပါတယ်။ ထို့အပြင် (၂၀၀၁-၂၀၁၁) အတွင်း မြန်မာအသင်းအနေဖြင့် ပွဲပေါင်း (၃၀) တွင် နိုင်ပွဲ (၁၂) ပွဲ၊ သရေ (၇) ပွဲ နှင့် ရှုံးပွဲ (၁၁) ပွဲထိ ရှိခဲ့ကြောင်းကိုလည်းသိရပါတယ်။ နှစ်အတော်ကြာ ရွှေတံဆိပ်ဆုနဲ့ ဝေးကွာနေရတဲ့ အရှေ့တောင်အာရှ ဘောလုံးပြိုင်ပွဲတွင် ပြည်သူ၊ ပြည်သားအပေါင်းက မိမိနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိမှု အခွင့်အရေး နှင့် ကစားသမားအရလည်း အကောင်းဆုံး လူစာရင်းများဖြင့် ယှဉ်ပြိုင်မည် ဖြစ်တာကြောင့် အဆိုပါ ရွှေတံဆိပ်ဆုကို မျှော်မှန်းနေလျှက်ရှိကြသလို၊ ရသင့်ရထိုက်သည့် အခြေအနေကောင်းတစ်ခုဟုလည်း သုံးသပ်လျှက်ရှိကြပါတယ်။

ထို့အပြင်သတင်းကောင်းတစ်ခုအဖြစ် မြန်မာယူ-၂၃ အသင်း၏ အမာခံကစားသမားတစ်ဦးဖြစ်တဲ့ ကြည်လင်းသည် ဒဏ်ရာမှ သက်သာလာပြီး ဆီးဂိမ်း အမှီပြန်လာနိုင်တော့မည် ဖြစ်ပါတယ်။ ဒါပေမည့်လည်း ဗဟို နောက်ခံလူ ဇော်မင်းထွန်း ဒဏ်ရာကြောင့် အနားယူနေရခြင်းက မြန်မာအသင်း နောက်တန်း ခံစစ်အပေါ် အနည်းငယ် စိုးရိမ်စရာ တစ်ခု ဖြစ်နေပါတယ်။ ဂျပန် နှင့် တောင်ကိုရီးယားကနေ လေ့ကျင့်ပြီး ပြန်လာတဲ့ မြန်မာ လူငယ်အသင်းသည် ရန်ကုန်မြို့တွင် လေ့ကျင့်ခန်းဆင်းခြင်း၊ ခြေစမ်းပွဲများ ကစားခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ခြေစမ်းပွဲတွေ မတိုင်ခင်ကလည်း နည်းပြကြီး ပတ်ဆောင်ဟွာက မြန်မာအသင်းအနေဖြင့် အုပ်စုတက်ရေး အခြေအနေတစ်ခုသည် ပြောနေစရာပင်မလိုဘဲ ဆီးမီးတက်မည်ဟု ယုံကြည်ထားကြောင်းကိုလည်း ဆိုထားပါသေးတယ်။ မြန်မာ ယူ -၂၃ အသင်း၏ နောက်ဆုံး ခြေစမ်းပွဲ (၃) ပွဲမှတ်တမ်းကို ကြည့်မယ်ဆိုရင်၊ နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် နောက်ဆုံး ဂျပန်ယူ-၂၀အသင်းနဲ့ ခြေစမ်းကန်ရာတွင် (၃) ဂိုး (၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ ပျှမ်းမျှအသက် (၁၉)နှစ်သာရှိကြတဲ့ ဂျပန်ယူ-၂၀ အသင်းသည် ၂၀၁၄ အာရှယူ-၂၂ နဲ့ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲအတွက် ပြင်ဆင်ထားသော အသင်းလည်းဖြစ်တာကြောင့် ခြေစွမ်းကောင်းမွန်လှသည့် အသင်းကို ရှုံးခဲ့ခြင်းဟု ယူဆရမှာပါ။ ပွဲအပြီးမှာ ဂျပန်နည်းပြကြီးက မြန်မာလူငယ်အသင်း၏ နိုင်လိုစိတ်ပြင်းထန်မှု ကြိုးစားမှုတို့အပေါ် ချီးကျူးစကားဆိုခဲ့သည်ဟုလည်ုး သိရပါတယ်။ ဒုတိယ ပွဲစဉ်အနေဖြင့် ဧရာဝတီ ယူနိုက်တက်အသင်းနှင့် ခြေစမ်းကစားခဲ့ပြီး (၄) ဂိုး ဂိုးမရှိဖြင့် မြန်မာ ယူ-၂၃ အသင်းက အနိုင်ရရှိခဲ့ပါတယ်။ ထို့နောက်မှာတော့ တတိယပွဲစဉ်အဖြစ် မြန်မာ ယူ ၂၃ (ခ)အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ခြေစမ်းပွဲစဉ်တွေ ကစားအပြီး မြန်မာ ယူ -၂၃ အသင်းသည် နည်းပြကြီး၏ လေ့ကျင့်ပေးမှုအောက်တွင် ကြံ့ ခိုင်မှု ပြည့်ဝမှု ကောင်းမွန် ပြည့်စုံလာနိုင်ပြီဟုတော့ မှတ်ချက်ပြုနိုင်ပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်အပါအ၀င် တာဝန်ရှိသူများကလည်း အမျိုးသား အမျိုးသမီး ဘောလုံးအသင်းများအပေါ် ဂရုတစိုက်နဲ့ အားပေးကူညီနေလျှက်ရှိသည်ကိုတွေ့ရပါတယ်။ "ဒီအချိန်ဟာ အားလုံးစည်းလုံးရမယ့် အချိန်ြဖစ်ပြီး ဘယ်လိုအကြောင်းမျိုးနဲ့မှ အသင်းရဲ့စည်းလုံးမှုကို အထိခိုက်မခံပါဘူး။ အားလုံးဟာ နိုင်ငံရဲ့ အောင်ပွဲတစ်ခုအတွက် အခုချိန်မှာ ပေးဆပ်ကြရပါမယ်။ တကယ်သာ ဆီးဂိမ်းချန်ပီယံဖြစ်ရင် ဆုကြေးတွေ အများကြီးရမယ်။ နှစ်ပေါင်း ၄၄ နှစ်ကြာမှ အိမ်ရှင်အဖြစ်ပြန်လည်လက်ခံကျင်းပတဲ့ပွဲမှာ ချန်ပီယံဖြစ်ခဲ့ရင် သူတို့က သမိုင်းမှာ ကမ္ဗည်းထိုးခဲ့တဲ့လူတွေဖြစ်လိမ့်မယ်။ ဒီလိုမျိုးသမိုင်းကို ကမ္ဗည်းထိုးနိုင်တဲ့အခွင့်အရေးက တော်ရုံတန်ရုံလူတွေ မရနိုင်ဘူး။ ပြီးတော့ သန်း ၆၀ လုံးကိုပျော်အောင်လည်း သူတို့ပဲလုပ်နိုင်တယ် ပြည်သူလူတု ပျော်ရွှင်အောင် ကြိုးစားပေးကြပါ" ဟု အမျိုးသား နှင့် အမျိုးသမီး ဘောလုံးအသင်းကို ဘောလုံးအဖွဲ့ချုပ် ဥက္ကဌကြီးကလည်း တိုက်တွန်း အားပေးထားသည်ကို တွေ့ရပါတယ်။ စာရေးသူအနေဖြင့် မြန်မာ ယူ -၂၃ နှင့် အမျိုးသမီး အသင်းတို့၏ ရွှေတံဆိပ်ဆုသည် သူတို့နှင့် လက်တကမ်းအကွာဘဲ ရှိနေသည်ဟု ထင်မိပါတယ်။ ကစားကွင်းအတွင်းမှာ (၁၂) ယောက်မြောက် ကစားသမားများဖြစ်တဲ့ မြန်မာပရိတ်သတ်၏ တခဲနက် အားပေး ကြည့်ရှု သံတွေကိုလည်း မကြာမှီ မြင်တွေ့ရတော့မှာလည်း ဖြစ်တာမို့ သူတို့အစားလည်း အားတက်မိပါတယ်။ အထူးသဖြင့် မလိုလားအပ်သော ကွင်းအတွင်းမှ အငြင်းပွားမှု၊ အန္တရာယ်နယ်မြေ အတွင်းမှာ ပြစ်ဒဏ်ဘော အပေးနည်းအောင် ဂရုစိုက်ကစားဖို့ နှင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် သန့်သန့်ရှင်းရှင်း၊ ကြိုးကြိုးစားစား ကစားနိုင်မှုတို့က မြန်မာ ယူ-၂၃ အသင်းအတွက် ရွှေဆုသို့ ချီတက်နိုင်ရေး အရေးပါလှသည့် အခြင်းအရာတွေဟု သုံးသပ်မိပါတယ်။ ထို့အပြင် ရှေ့ ၊ လယ်၊ နောက် ယဉ်ချက်ညီညီ တိုက်စစ်ဆင်နိုင်မှု တို့နှင့်အတူ ဒဏ်ရာရနေရာမှ ပြန်ကောင်းလာတဲ့ ကစားသမားများနှင့် အတွဲညီညီ ထိုးဖောက်ကစားနိုင်ဖို့ကလည်း အရေးပါလှပါတယ်။ ပြီးခဲ့တဲ့ ဗီယက်နမ်နှင့် ခြေစမ်းပွဲမှာ အားနည်းချက်တစ်ခုအဖြစ် တိုက်စစ်မှုးများ အပိုင်ဂိုးရနိုင်မည့် အခြေအနေကို ကောင်းစွာအသုံးမချတက်ခြင်းကို တွေ့ရပါတယ်။

ဂိုး၊ ခံစစ်၊ ကွင်းလယ် အစွမ်းပြ ကစားနေပါစေအုံးတော့ တိုက်စစ်မှုးများက ဂိုးမသွင်းယူနိုင်ခဲ့ရင် ထိုပွဲမျိုးသည် အချည်းနှီးပင် ဖြစ်သည်ဟု ပရီးမီးယားလိဂ်မှ မော်ရင်ညို၏ သူ့အသင်းအပေါ် ဝေဖန်စကားတစ်ခုအတိုင်း စာရေးသူလည်း သုံးသပ်မိပါတယ်။ အထူးသဖြင့် ရှုံးထွက်ပွဲစဉ်လို အခြေအနေများမှာ အနိုင်ဂိုးများ ဦးစွာ သွင်းယူနိုင်စေချင်ပါတယ်။ အခုချိန်မှာ အသင်းငယ်လို့ ထင်ရတဲ့ ကမ္ဘောဒီယားကလည်း စင်ကာပူနဲ့ ခြေစမ်းပွဲမှာ နိုင်ထားတာကို ကြားသိရတာမို့ ပေါ့ဆကစားလို့ မရပါဘူး။ ထိုင်းလူငယ်ကတော့ ဘရှုးနိုင်းဘုရင့်ဖလားမှ ခြေစွမ်းပြသူများပါလာမှာမို့ တောင့်တင်းနေသလို၊ အင်ဒိုနီးရှားအသင်းကလည်း ဖိတ်ခေါ် MNC cup မှာ ချန်ပီယံရထားသည်မို့ တောင့်တောင်းတင်းတင်းနဲ့ ပွဲထွက်ယှဉ်ပြိုင် လာမည်ဟုယူဆရပါတယ်။ ဒါကြောင့် အုပ်စု ကျော်ဖြတ်ရေး ခရီးကြမ်းမှာ မည်သည့်အသင်းကိုမှ ပေါ့ဆမကစားဘဲ အကောင်းဆုံး ယှဉ်ပြိုင်ကစားကြမည်ဟု ယုံကြည်မိပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ လကုန်ခါနီးမှာ မြန်မာအသင်း ကမ္ဘာ့အဆင့် တက်လာခြင်း၊ ဘောလုံးအဖွဲ့ချုပ်မှလည်း အာရှလူမှုရေး ထူးချွန် ဆု (AFC Dream Asia Award) ကို လက်ခံရရှိခြင်းတို့ဖြင့် သတင်းကောင်းများဖြင့် ဝေဆာနိုင်ခဲ့ပါတယ်။ မြန်မာ ယူ ၂၃ အသင်းနည်းပြကြီး ပတ်ဆောင်ဟွာ၏ သူ့အနေဖြင့် ရွှေတံဆိပ်ရဖို့ အစွမ်းကုန် ကြိုးစားသွားပါမည်ဟု ကတိစကား တစ်ခုအတိုင်း လာမည့် ဒီဇင်ဘာလ (၂၁) ရက်နေ့များမှာ မြန်မာ ယူ-၂၃ အသင်း၏ အရေးကြီးဆုံး ပန်းတိုင်တစ်ခုကို ပြည်သူ၊ ပြည်သားအားလုံးအတွက် လှမ်းဆွတ်ယူပေးနိုင်မည်လား၊ မြန်မာ့ ဘောလုံးအဖွဲ့ချုပ်အနေဖြင့်လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ကလို အောင်မြင်မှု၊ ချီးကျူးသံတွေနဲ့ ဝေဆာပြုံးပျော်နိုင်မလား ဆိုတာကိုတော့ အားကစား ၀ါသနာရှင် ပရိတ်သတ်များ စောင့်မျှော်ကြည့်ရှု့ အားပေးရတော့မည်
ဖြစ်ပါတယ်။

Written by မိုးတိမ် (တမာမြေ)
Football Café

0 comments:

Post a Comment