29.12.13

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် ဥရောပသမဂ္ဂ၏ ကူညီငွေ ယူရိုတစ်သိန်းကျော်ထဲမှ ၂၀၁၄ တွင် ယူရို လေးသောင်းကျော် သုံးစွဲမည်

ရန်ကုန်မြို့တော်၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်း အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ဥရောပသမဂ္ဂမှ ကူညီငွေ ယူရိုတစ်သိန်းကျော်ထဲမှ လာမည့် ၂၀၁၄ တွင် ယူရိုငွေလေးသောင်းကျော် သုံးစွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။


ရန်ကုန်မြို့တော်၏ သဘာပ၀တ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်နိုင်ရန် မြန်မာနိုင်ငံအခြေစိုက် CESVI WORLD AID အဖွဲ့အစည်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းနိုင်ရန် ဥရောပသမဂ္ဂသို့တင်ပြခဲ့ရာ သဘောတူညီခဲ့၍ ယခု ၂၀၁၃ ခုနှစ်တွင်လုပ်ငန်းများ စတင်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြုလုပ်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံအခြေစိုက် CESVI WORLD AID NGO အဖွဲ့အစည်း၊ အီတလီနိုင်ငံမြို့တော် မြူနီစီပယ်၊ အီတလီနိုင်ငံ Ithaca တက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းစဉ်ကဏ္ဍသုံးခုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီစီမံကိန်းက ၂၀၁၃ မှာစလုပ်တာဖြစ်ပြီး သုံးနှစ်စီမံကိန်းဖြစ်ပါတယ်။ လုပ်တဲ့အခါမှာ အခန်းကဏ္ဍသုံးခုရှိပါတယ်။ Law, Rule and Regulation (ဥပဒေနည်းဥပဒေတွေကို လိုက်လျောညီထွေ ဖြစ်နိုင်စွမ်းတွေ ပြုပြင်ပြောင်းလဲဖို့၊ အီလတီနိုင်ငံ တူရင်မြို့မှာ ပြဋ္ဌာန်းထားတဲ့ အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေတွေကို မြန်မာနိုင်ငံလက်ရှိ ထုတ်ပြန်ထားတဲ့ ဥပဒေတွေနဲ့ နှိုင်းယှဉ်ပြီး မြန်မာနိုင်ငံနဲ့ကိုက်ညီတာတချို့ ယူသုံးဖို့)၊ နောက်ပြီးမြန်မာနိုင်ငံမှာ အမှိုက်ကားတွေနဲ့ အမှိုက်သိမ်းတဲ့အခါမှာ အမှိုက်သိမ်းကားတွေ ဘယ်ရောက်နေလဲ၊ ဘယ်နေရာမှာ သိမ်းပြီးပြီလဲ။ ဧရိယာဘယ်လောက်ရှိလဲ စသည်ဖြင့် Technical Cooperation (GPS, GIS) စနစ်တွေနဲ့ ပတ်သက်ပြီးလုပ်တာ။ နောက်တစ်ခုကတော့ စွန့်ပစ်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ကလေးတွေကို အသိပညာတိုးပွားဖို့ လုပ်တယ်။ Recycle ပစ္စည်းတွေက ဘယ်လိုတန်ဖိုးရှိလဲ၊ ဘယ်လိုပြန်လည် အသုံးချလို့ရလဲ စတာတွေပဲဖြစ်ပါတယ်"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါလုပ်ငန်းစဉ်များအတွက် ဥရောပသမဂ္ဂမှ ယူရိုငွေကိုးသိန်းကျော်ကူညီခဲ့ပြီး ယင်းငွေများထဲမှ ရန်ကုန်မြို့တော်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သုံးစွဲရမည့် ငွေခွဲတမ်း ယူရိုငွေတစ်သိန်းကျော်ရရှိခဲ့ပြီး ယခု ၂၀၁၃ ခုနှစ်တွင် ယူရိုငွေနှစ်သောင်းကျော် သုံးစွဲခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေးအတွက် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်သည့် အချက်အလက်များကို ကောက်ယူစုဆောင်းနိုင်ရန် လိုအပ်မှုများ ဖြည့်ဆည်းခြင်း (အင်တာနက်တပ်ဆင်ခြင်း၊ လိုအပ်သည့် ကွန်ပျူတာပစ္စည်းများ ၀ယ်ယူခြင်း)စသည်တို့တွင် သုံးစွဲခဲ့ကြောင်း သိရသည်။

လာမည့် ၂၀၁၄ အတွက် သုံးစွဲမည့် ယူရိုငွေ လေးသောင်းကျော်နှင့် ၂၀၁၅ တွင်လည်း ယူရိုငွေလေးသောင်းကျော်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်တွင် တစ်နေ့လျှင် အမှိုက်တန် ၁၆၉၀ ထွက်ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အမှိုက်တန် ၁၅၀၀ ကျော်ကိုသာ သိမ်းဆည်းနိုင်သည်။

ရန်ကုန်မြို့အတွင်းတစ်နေရာရှိ အမှိုက်စွန့်ပစ်သည့် ပုံးများအား တွေ့ရစဉ်
Eleven Media Group

0 comments:

Post a Comment