19.12.13

ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘိန်းခင်းများ ဖျက်ဆီးရေး အစိုးရနှင့် PNO ပူးပေါင်းမည်

ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဘိန်းခင်းများ ဖျက်ဆီးရေးအတွက် ရှမ်းပြည်နယ် တောင်ပိုင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးနှင့် ပအိုဝ့် အမျိုးသား အဖွဲ့ချုပ် (PNO) တို့ ပူးပေါင်း လုပ်ဆောင်မည် ဖြစ်ကြောင်း PNO အတွင်းရေးမှူး ဦးခွန်လာက ပြောကြားသည်။


ယင်းကဲ့သို့ ပူးပေါင်း လုပ်ဆောင်ရန်အတွက် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ရှမ်းပြည်တောင်ပိုင်း မူးယစ်တားဆီး နှိမ်နင်းရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် PNO တို့ ဆွေးနွေးခဲ့သော်လည်း ဘိန်းခင်းများ စတင်ဖျက်ဆီးနိုင်မည့် အချိန်ကို ထပ်မံညှိနှိုင်း ရဦးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အဓိက ကတော့ ကျွန်တော်တို့ နယ်မြေမှာ အစိုးရဘက်က အဖွဲ့အစည်းတွေကို လုံခြုံရေး ယူပေးဖို့ အတွက်ပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ဘိန်းခင်းများ ဖျက်ဆီးမှုတွင် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်း ၁၄,၈၃၃ ဒသမ ၂၁ ဧက (၆၀၂၃ ဒသမ ၁၅ ဟက်တာ) ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးအဖွဲ့က ထုတ်ပြန်ထားသည်။
“အစားထိုးသီးနှံ စိုက်ပျိုးနိုင်မှု အားနည်းတာနဲ့ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတာတွေကို ဖြေရှင်းနိုင်ဖို့က သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းနိုင်ဖို့ လိုပါတယ်” ဟု ရှမ်းပြည်နယ် တောင်ပိုင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့အပြင် ဘိန်းအစားထိုး သီးနှံများ စိုက်ပျိုးမှုတွင် ပံ့ပိုးမှု အားနည်းသောကြောင့် ဘိန်းခင်းများ ပြန်လည် စိုက်ပျိုးမှုများ ရှိကြောင်း ဆီဆိုင်မြို့နယ် အတွင်းမှ တောင်ယာ လုပ်ကိုင်သူတစ်ဦးက ဆိုသည်။
“အခြားသီးနှံတွေ စိုက်တာက အချိန်ကုန် ငွေကုန်ပြီးတော့ ဈေးကွက် မရှိဘူးဆိုတော့ စားဝတ်နေရေးအတွက် ပြန်စိုက်တာတွေ ရှိနေတယ်” ဟု ၎င်းကဆိုသည်။

ပအိုဝ့် အမျိုးသားအဖွဲ့ချုပ် (PNO) ကို ၁၉၇၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ၁၉၉၁ ခုနှစ်အတွင်း အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရခဲ့သည်။

The Voice Weekly

0 comments:

Post a Comment