17.1.14

ကမ္ဘာ့ဘဏ်ကူညီငွေ သန်း ၈၀ ကို ဒေသခံစိတ်ကြိုက်လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဟုဆို

ကမ္ဘာ့ဘဏ်က ကူညီထောက်ပံ့သော အမေရိကန်ဒေါ်လာ သန်း ၈၀ ကို ရရှိမည့် ရွေးချယ်ခြင်း ခံရသော ကျေး လက်ဒေသအုပ်စုများအနေဖြင့် ကြိုက်နှစ်သက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဆောင်ရွက်ခွင့်ပြု သွားမည်ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန မှ ညွှန်ကြားရေးမှုး ဦးကျော်မိုးလှိုင်က မဇ္ဈိမကို ပြော သည်။


အဆိုပါ ဒေါ်လာသန်း ၈၀ ကို တိုင်းနှင့်ပြည်နယ်တစ်ခုလျှင် မြို့နယ်တစ်ခုသာ ရွေးချယ်သွားပြီး အဆိုပါ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးက ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာသူ၊ ကျေးရွာသားများ၏ လို အပ်ချက်ပေါ်မှာ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။

ကျေးရွာတစ်အုပ်စုကို အမေရိကန်ဒေါ်လာ ၂၇,၀၀၀ သုံးစွဲခွင့်ရမယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် သုံးခွင့်ရမှာ ဖြစ်တယ်။ လမ်းလုပ်လိုရင် လမ်းလုပ်နိုင်သလို၊ ရေရရှိရေးအတွက်ဆိုလည်း လုပ်လို့ရတယ်။ သုံးနှစ်အတွင်း စီမံကိန်းလုပ်ဆောင်ပေးမယ်ဟု ၎င်းက ဆက်ပြောသည်။
၂၀၁၃-၂၀၁၄ ခုနှစ်အတွက် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၊ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်စမ်မြို့နယ်များတွင် စတင်ဆောင်ရွက်နေပြီး ၂၀၁၄-၂၀၁၅ အတွက် သက်ဆိုင်ရာ တိုင်းငါးခုမှ မြို့နယ်များ ရွေးချယ်ထားသော်လည်း အတည်ပြုချက် မရရှိသေးသည့်အတွက် တရား ၀င်ထုတ်ပြန်ခြင်းမရှိသေးဟု ဦးကျော်မိုးလှိုင်က ပြောသည်။

“ကျွန်တော်တို့နဲ့ ကမ္ဘာ့ဘဏ် ညှိနှိုင်းထားတယ်။ ဘာသာရေးလုပ်ငန်းကိုတော့ ဆောင်ရွက်ခွင့်မပြုဘူး။ အခြားကြိုက်နှစ်သက်တဲ့လုပ်ငန်းကို လုပ်ကိုင်နိုင်တယ်။ အများသဘောတူညီတဲ့လုပ်ငန်းကို အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမယ်”ဟု ၎င်းက ပြောသည်။

မြို့နယ်များရွေးချယ်သည့်အခါ သက်ဆိုင်ရာအဖွဲ့အစည်း၊ တိုင်းနှင့်ပြည်နယ်မှာ တာဝန်ရှိသူများ NGO၊ INGO များ ပူးပေါင်းကာ ပထမ၊ ဒုတိယ၊ တတိယအဖြစ် သက်ဆိုင်ရာပြည်နယ်ဝန်ကြီးဌာန၏ ခွင့်ပြုချက် ရမှသာ ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟုလည်း ဆက်ပြောသည်။

Mizzima - News in Burmese

0 comments:

Post a Comment