17.1.14

၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၃ နှစ်ကုန်ထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အားလုံး၌ တရုတ်အများဆုံး ရင်းနှီးမြှုပ်နှံ

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ထိ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အားလုံး၌ တရုတ်နိုင်ငံက လုပ်ငန်း ၃၅ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄၁၂၀ ဒသမ ၅၃၈ ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားသည်။


ထို့နောက် ဟောင်ကောင်သည် လုပ်ငန်း(၄၈)ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၃၇၉ ဒသမ ၇၇၈၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၈ ဒသမ ၆၅ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ ကိုရီးယားသမ္မတ နိုင်ငံသည် လုပ်ငန်း ၇၁ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ၂၉၇၃ ဒသမ ၈၂၅၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၈ ဒသမ ၆၉ ရာခိုင်နှုန်းဖြင့် တတိယ အများဆုံးတို့ဖြင့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိကြောင်း ဒုတိယ၀န်ကြီးက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှု အများဆုံး ကဏ္ဍဖြစ်ပြီး လုပ်ငန်း ၆၄ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၃၆၃၀ ဒသမ ၁၀၂၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၃၉ ဒသမ ၈၄ ရာခိုင်နှုန်း၊ ဒုတိယ အများဆုံး ရင်းနှီးမြှုပ်နှံမှု ကဏ္ဍမှာ လျှပ်စစ်ကဏ္ဍဖြစ်ပြီး လုပ်ငန်းခြောက်ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၃၂၅၄၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၃၈ ဒသမ ၇၄ ရာခိုင်နှုန်း၊ သတ္တုကဏ္ဍတွင် လုပ်ငန်း ၁၀ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၃၀၈ ဒသမ ၅၃၆၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၆ ဒသမ ၇၅ ရာခိုင်နှုန်းဖြင့် တတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

ထို့အပြင် ၁၉၈၈ ခုနှစ်မှ ၂၀၁၃ ဒီဇင်ဘာ ၃၁ ရက်ထိ ပြည်တွင်း လုပ်သား ၃၀၅၂၁၄ ဦးတို့အား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင် ခဲ့ကြောင်းလည်း ဆက်လက် ပြောကြားသည်။

ဇန်န၀ါရီ ၁၆ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်မြင့်၏ “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ရန် မည်သည့်နိုင်ငံ၊ မည်ကဲ့သို့သော လုပ်ငန်းမျိုး၊ ရင်းနှီးမြှုပ်နှံမှု သန်းပေါင်းမည်မျှနှင့် နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ မည်မျှရရှိပြီးသည်ကို သိရှိလိုသည်” ဟူသော မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ဒေါက်တာဒေါ်ခင်စန်းရီက ထိုသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။

EMG

0 comments:

Post a Comment