17.1.14

တက္ကစီယဉ်ကျေးမှု

ရန်ကုန်မြို့၏ နေ့စဉ်လူနေမှုဘ၀များတွင် တက္ကစီယာဉ်မောင်းနှင့် အငှားစီးသူ ခရီးသည်အကြား သာမန် အဆင်မပြေမှုများမှသည် ရာဇ၀တ်မှုများ ကျူးလွန်သည်အထိ ရှိနေသည်။ မကြာခဏ ဖြစ်ပေါ်နေသည့် ယင်းအမှုအခင်းများကြောင့် ခရီးသည်များအဖို့ တက္ကစီငှားစီးမည့်အရေး စိုးရိမ်ကြောက်ရွံ့မှုများ ရှိလာ သလို အချို့ယာဉ်မောင်းများသည်လည်း ခရီးသည်
အုပ်စုလိုက်တွေ့လျှင် နောက်ကျောမလုံ ဖြစ်လာကြ သည်။
တက္ကစီမှုခင်းများတွင် ယာဉ်မောင်းက ကားပေါ်ပါလာသည့် ကျပ်သိန်း ခြောက်ရာကျော်ကို ကားနှင့်အတူ မောင်းနှင်ထွက်ပြေးမှု၊ ခရီးသည် အမျိုးသမီးကို အဓမ္မပြုရန်ကြံစည်မှုစသဖြင့် ဖြစ်ပေါ်ခဲ့သလို ယာဉ်မောင်း ကို ခရီးသည်က ဓားနှင့်ထောက်ကာ ကားကိုမောင်းယူထွက်ပြေးမှုနှင့် ယာဉ်မောင်းကို ခြိမ်းခြောက်ငွေ တောင်းမှုများလည်း ရှိနေပြန်သည်။

သို့သော် ဖြစ်ပေါ်ခဲ့သည့် ရာဇ၀တ်မှုများကိုကြည့်လျှင် ယာဉ်မောင်းနှင့် ခရီးသည်အကြား ယာဉ်မောင်းက ကျူးလွန်သည့် အမှုအခင်းများစွာကို ပိုတွေ့ရသည်။ ထို့အတွက် တက္ကစီယာဉ်မောင်းများကို စနစ်တကျ သင်တန်းပေး ကြပ်မတ်သင့်ကြောင်း ထောက်ပြပြောဆိုမှုများလည်း ရှိသည်။ ဈေးကွက်စနစ်အရ ကြည့် လျှင် သဘာဝကျမည်ဟု ယူဆမိပါသည်။ တက္ကစီမောင်းသူသည် ဈေးသည်ဖြစ်ပြီး ခရီးသည် သည်ဈေး ၀ယ် ဖြစ်သည်။

တက္ကစီအစီးရေ ထောင်ပေါင်းများစွာရှိနေသည့် ရန်ကုန်တွင် ယနေ့ အခြေအနေကိုကြည့်လျှင် တက္ကစီ စီးမည့်သူအများစုမှာ ကြုံသလို ငှားစီးနေရသော်ငြား စိတ်ကတော့မလုံ။ အထူးသဖြင့် ညပိုင်းသွားလာ နေရသူများတွင် တက္ကစီ စီးသည့်အခါ စိတ်မလုံခြုံမှုများကြောင့် တက္ကစီယဉ်ကျေးမှုကို ယုံကြည်မှု နည်း လာကြသည်။ ထို့အတူ တက္ကစီမောင်းသူများတွင်လည်း ထိုသို့သောခံစားမှုများ ရှိနေပြန်သည်။
တစ်ဦးအပေါ်တစ်ဦး မယုံကြည်ရသည့် တက္ကစီယဉ်ကျေးမှုသည် ကာယကံရှင်များကိုယ်တိုင် ပြုပြင် တည် ဆောက်နိုင်ရေး စိတ်ခွန်အားများ ကောင်းဖို့လိုပါသည်။ မိမိအဆင်မပြေမှုများ၊ မိမိအတ္တများကို ထိန်း ကျောင်းနိုင်ခြင်းမရှိဘဲ စိတ်ရိုင်းဝင်လုပ်ကိုင်လိုက်ခြင်းသည် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ် သွားသည်။

ကိုယ့်ပတ်ဝန်းကျင်တစ်ခုလုံး အကျည်းတန်စေပြီး တစ်လောကလုံးကို ခြောက်လှန့်နေမည့် အရေးကို မဖြစ်မနေ ရှောင်ကြဉ်ရပါလိမ့်မည်။
တက္ကစီယဉ်ကျေးမှုတွင် အဆိုးများစွာရှိသည့်အနက် ကောင်းကွက်များလည်း ရှိနေပါသည်။ ကားပေါ်မေ့ ကျန်ပစ္စည်းများကို ခရီးသည်ထံအရောက် ပြန်ပို့မှုများရှိသလို၊ ခရီးသည်နှင့် ဆက်သွယ်မရက သက်ဆိုင် ရာ ယ.ရ.က ရုံးများ၊ ရဲစခန်းများသို့ အပ်နှံပေးကြသူများလည်းရှိပြီး FM များမှ တစ်ဆင့် ဆက်သွယ်ကြ သည်များလည်း ရှိနေပါသည်။ ယင်းသည် တက္ကစီလောကသားများအကြား အလှတရားပင် ဖြစ်သည်။

ဆိုရလျှင် အရာရာ အကောင်းအဆိုးများရှိသည့်အလျောက် တက္ကစီသမားနှင့် ခရီးသည်အကြား ပြဿနာ များသည်လည်း နှစ်ဖက်ကျူးလွန်မှုများ ရှိနေပါသည်။ အကောင်းအဆိုး အားလုံးသည် ကာယကံရှင်များ တွင်သာ တာဝန်ရှိနေသည်။ ထို့အတွက် ကိုယ်တိုင်ကျင့်ကြံရမည့် ကိုယ်ကျင့်တရားများကို ယာဉ်မောင်း နှင့်ခရီးသည်များအကြား ကိုယ်စီကျင့်ကြံကြရန် အရေးကြီးသကဲ့သို့ သက်ဆိုင်ရာ အာဏာပိုင်များ အနေ ဖြင့် လုံခြုံရေး အားကောင်းရန် လိုအပ်သလို တရားဥပဒေစိုးမိုးရေး ပိုမိုဆောင်ရွက်မှသာလျှင် တက္ကစီ ယဉ်ကျေးမှု အားကောင်းလာမည်ဖြစ်ပါကြောင်း . . .။

Mizzima - News in Burmese

0 comments:

Post a Comment