17.1.14

ယခင်အစိုးရ လက်ထက်တွင် သဘောတူထားခဲ့သည့် နားလည်မှု စာချွန်လွှာများ၊ နားလည်မှု သဘောတူ စာချုပ်များနှင့် စီးပွားရေး စာချုပ်များကို ပြန်လည်သုံးသပ် အတည်ပြုရန် အစီအစဉ်ရှိမရှိနှင့် ပတ်သက်၍ လွှတ်တော်၌ မေးမြန်း

ဇန်န၀ါရီ ၁၆ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ချောက် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလွင်က “ယခင်အစိုးရ လက်ထက်တွင် သဘောတူထားခဲ့သည့် နားလည်မှု စာချွန်လွှာများ၊ နားလည်မှု သဘောတူ စာချုပ်များနှင့် စီးပွားရေး စာချုပ်များကို ပြန်လည်သုံးသပ် အတည်ပြုရန် အစီအစဉ် ရှိ၊ မရှိ” နှင့် ပတ်သက်၍ မေးမြန်းခဲ့သည်။


အဆိုပါမေးခွန်းနှင့် ပတ်သက်၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ယခင်အစိုးရ လက်ထက်တွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ မူဘောင်သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် အရေအတွက် ရှစ်ခု၊ ဆောင်ရွက်ပြီး ရှစ်ခု၊ ငွေချေးစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် အရေအတွက် ငါးခု၊ ဆောင်ရွက်ပြီး ငါးခု၊ သဘောတူ စာချုပ်/အကူအညီပေးရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် အရေအတွက် ၃၂ ခု၊ ဆောင်ရွက်ပြီး ၂၇ ခု၊ ဆောင်ရွက်ဆဲ ငါးခု၊ စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည့် အရေအတွက် ၂၈ ခု၊ ဆောင်ရွက်ပြီး၂၈ ခု၊ စာလွှာလက်မှတ် ရေးထိုးခဲ့သည့် အရေအတွက် ၁၀ ခု၊ ဆောင်ရွက်ပြီး ၁၀ ခု၊ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည့် အရေအတွက် ရှစ်ခု၊ ဆောင်ရွက်ပြီး ရှစ်ခု၊ စုစုပေါင်း လက်မှတ်ရေးထိုးခဲ့သည့် အရေအတွက် ၉၁ ခု၊ ဆောင်ရွက်ပြီး ၈၆ ခုနှင့် ဆောင်ရွက်ဆဲ ငါးခုရှိကြောင်း ဖြေကြားသည်။

ထို့အပြင် အခြားဝန်ကြီး ဌာနများမှလည်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည့် အရေအတွက် ၁၉၉ ခု၊ ဆောင်ရွက်ပြီး ၁၀၆ ခု၊ ဆောင်ရွက်ဆဲ ၉၃ ခု၊ နားလည် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် အရေအတွက် ၉၉ ခု၊ ဆောင်ရွက်ပြီး၄၇ ခု၊ ဆောင်ရွက်ဆဲ ၅၂ ခုနှင့် စီးပွားရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် အရေအတွက် ၆၈၄ ခု၊ ဆောင်ရွက်ပြီး ရှစ်ခု၊ ဆောင်ရွက်ဆဲ ၆၇၆ ခု၊ စုစုပေါင်း လက်မှတ်ရေးထိုးခဲ့သည့် အရေအတွက် ၉၈၂ ခု၊ ဆောင်ရွက်ပြီး ၁၆၁ ခု၊ ဆောင်ရွက်ဆဲ ၈၂၁ ခု ဖြစ်ကြောင်း ဒုဝန်ကြီးက ပြောကြားသည်။

“ယခင်အစိုးရ လက်ထက်တွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည့် စာချုပ်စာတမ်း ၉၁ ခုအနက် ဆောင်ရွက်ပြီး လုပ်ငန်း ၈၆ ခု၊ ဆောင်ရွက်ရန် ကျန်ငါးခုနှင့် အခြားဝန်ကြီး ဌာနများမှ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည့် စာချုပ်စာတမ်း ၉၈၂ ခုအနက် ဆောင်ရွက်ပြီး လုပ်ငန်း ၁၆၁ ခု၊ ဆောင်ရွက်ရန် ကျန် ၈၂၁ ခုတို့မှ ဆက်လက် အသက်ဝင် ဆောင်ရွက်လျက် ရှိပါတယ်။ လက်ရှိအသက်ဝင်လျက် ရှိနေသည့် စာချွန်လွှာများ၊ နားလည်မှု စာချွန်လွှာများနှင့် သဘောတူ စာချုပ်များ အကောင်အထည် ဖော်ရာတွင် ပြဿနာ တစ်စုံတစ်ရာ မရှိပါက ပြန်လည်ဆန်းစစ်ရန် မလိုပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်” ဟု ဒုတိယ၀န်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားသည်။

ထို့နောက် ဆက်စပ်မေးခွန်းအဖြစ် ဦးသိန်းလွင်က “ယနေ့ပြည်သူများ ခံစားနေရတဲ့ လက်ပံတောင်းတောင်၊ မြစ်ဆုံ စတဲ့စာချုပ်များဟာ စီးပွားရေး စာချုပ်တွေ ဖြစ်ပါတယ်။ စီးပွားရေး ၀န်ကြီးဌာနက ချုပ်ဆိုတဲ့ စာချုပ်များ ဖြစ်ပါတယ်။ ဒုတိယ၀န်ကြီး ဖြေကြားသွားတဲ့ ပြဿနာ တစ်စုံတစ်ရာ မရှိတဲ့ စာချုပ်တွေတော့ မဟုတ်ပါဘူးခင်ဗျာ။ ပြဿနာ ဖြစ်ပွားနေတဲ့၊ ရှိနိုင်တဲ့ အခြားသော ၀န်ကြီးဌာနများက စီးပွားရေး စာချုပ်များကိုလည်း ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ တည်ဆဲဥပဒေ များနဲ့အညီ ပြန်လည်ပြီးတော့ ညှိနှိုင်းဆွေးနွေး ချုပ်ဆိုရန် လိုအပ်မည် ဖြစ်ပါကြောင်း ကျွန်တော့်အနေနဲ့ ထပ်ဆင့်တင်ပြ အပ်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ပြောကြားချက်နှင့် ပတ်သက်၍ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြန်လည်ဖြေကြားရာတွင် “လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြတဲ့အတိုင်း အခြားဝန်ကြီး ဌာနများနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

EMG

0 comments:

Post a Comment