8.1.14

အများပိုင်ကုမ္ပဏီ၏ ဖွဲ့စည်းရန် အနည်းဆုံး မတည်ငွေရင်း ကျပ်သန်း ၅၀၀ သတ်မှတ်

အများပိုင်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ရာတွင် အနည်းဆုံး မတည်ငွေရင်းအဖြစ် ကျပ်သန်း ၅၀၀ သတ်မှတ်ထားကြောင်း စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကော်မတီ (Delivery Unit) ၏ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက်အရအများနှင့် သက်ဆိုင်သောကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်ရာတွင် ဥပဒေအရ အစုရှင်ဒါရိုက်တာ အနည်းဆုံးခုနစ်ဦး

ပါဝင်ရမည်ဖြစ်ပြီး အများဆုံးအရေအတွက် ကန့်သတ်ထားခြင်းမရှိကြောင်း၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီဖွဲ့စည်းတည်ထောင်ရာတွင် ကျပ်သန်း ၅၀၀ သတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခွင့်ရရှိပါက မှတ်ပုံတင်ကြေး ကျပ် ၁၀သိန်း၊ အခွန်တော်တံဆိပ်ခေါင်း ကျပ် ၂သိန်း ပေးသွင်းထမ်းဆောင်ရမည်ဖြစ်ပြီး သက်တမ်းငါးနှစ်ရှိသော ကုမ္ပဏီမှတ်ပုံတင်လက်မှတ် ရရှိမည်ဖြစ်ကြောင်း၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် ရရှိပြီးသည်နှင့် လုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ် လျှောက်ထားရမည်ဖြစ်ပြီး ၎င်းလက်မှတ်ရရှိမှသာ ကုမ္ပဏီ၏သင်းဖွဲ့စည်းမျဉ်း၊ သင်းဖွဲ့မှတ်တမ်းပါ လုပ်ငန်းရည်ရွယ်ချက်များကို စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အများနှင့်သက်ဆိုင်သောကုမ္ပဏီသည် အများပြည်သူသို့ ရှယ်ယာများ ခွဲဝေရောင်းချနိုင်ပြီး ရောင်းချရရှိသည့် အများပိုင်ငွေများကိုလည်း ဘဏ်တွင်စနစ်တကျ အပ်နှံထားရန် လိုအပ်ပါကြောင်းနှင့် စာရင်းစစ်များကိုလည်း စနစ်တကျခန့်အပ်ထားရန် လိုအပ်ပါကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

အများနှင့်သက်ဆိုင်သောကုမ္ပဏီသည် နောင်ဖြစ်ပေါ်လာမည့် စတော့ရှယ်ယာဈေးကွက်တွင် ကုမ္ပဏီရှယ်ယာများကို ရောင်းဝယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် အများပိုင်ကုမ္ပဏီပေါင်း ၁၀၀ ကျော်ခန့်ရှိပြီး စတော့အိတ်ချိန်းစာရင်းဝင်ရန် အရည်အချင်းပြည့်မီသည့် အများပိုင်ကုမ္ပဏီ ငါးခုခန့်သာရှိနေကြောင်း၊ စတော့အိတ်ချိန်းတွင် စာရင်းဝင်ရန် အများပိုင်ကုမ္ပဏီ အနည်းဆုံး ၈၀ခန့်လိုအပ်ကြောင်း သုံးသပ်မှုများရှိသည်။

Eleven Media Group

0 comments:

Post a Comment