8.1.14

သတင်းမီဒီယာ လွပ်လပ်ခွင့် ခြိမ်းခြောက်ခံရသည်ဟုဆိုကာ သတင်းထောက် ၁၅၀ ကျော် ဆန္ဒပြ

သတင်းထောက်အချို့ တရားစွဲ ထောင်ချခံရသဖြင့် မီဒီယာ လွတ်လပ်ခွင့် ခြိမ်းခြောက် ခံရသည်ဟုဆိုကာ မြန်မာ ဂျာနယ်လစ်ကွန်ရက် (MJN) က ဦးဆောင်၍ သတင်းမီဒီယာသမား ၁၅၀ ကျော်က ဇန်နဝါရီလ ၇ ရက်နေ့တွင် ရန်ကုန်မြို့တော်၌ ဆန္ဒထုတ်ဖော်ခဲ့သည်။

အထက်ပါ သတင်းမီဒီယာ သမားများသည် မဟာဗန္ဓုလပန်းခြံမှ တာမွေမြို့နယ် တောင်မြင်းပြိုင်ကွင်းလမ်းရှိ Eleven Media Group ရုံးအထိ ကျောက်တံတား၊ ဒဂုံ၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ တာမွေမြို့နယ်တို့ကို ဖြတ်ကာ လမ်းလျှောက် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။



Eleven Media Group မှ ကယားပြည်နယ် လွိုင်ကော် အခြေစိုက် သတင်းထောက် နေအိမ်တွင်း ကျူးကျော် ဝင်ရောက်မှု အပါအဝင် အမှု ၃ ခုဖြင့် ထောင်ဒဏ်သုံးလ ချခံရခြင်းသည် သတင်း လွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်ခံရမှု ဖြစ်သောကြောင့် ဆန္ဒပြခြင်း ဖြစ်ပြီး ယင်းပြဿနာကို ကြားဝင် ဖြေရှင်းပေးရန် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီကို တောင်းဆို ထားကြောင်း မြန်မာနိုင်ငံ သတင်းစာ ဆရာများ ကွန်ရက် အမှုဆောင် တစ်ဦးဖြစ်သူ ဦးနိုင်မင်းဝေက ပြောကြားသည်။
“သတင်းထောက်ကို အိမ်ကျော်မှုနဲ့ ဖမ်းတာ နောက် (ပြောင်) သလိုဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

သတင်းထောက်များ ဆန္ဒထုတ်ဖော်သည့် ကိစ္စနှင့် ပတ်သက်၍ လွတ်လပ်စွာ ထုတ်ဖော် ရေးသားပြောဆိုရာ၌ တစ်ပါးသူ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်နှင့် အခွင့်အရေးကို မထိခိုက်အောင် စောင့်ထိန်းရန်၊ ဒီမိုကရေစီ နည်းကျ ပြဋ္ဌာန်းထားသော ဥပဒေများကို လိုက်နာရန် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းတွင် ပြဋ္ဌာန်းထားကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
“ခုကိစ္စမှာ သတင်းသမားက သတင်းယူတဲ့ နေရာမှာ သီးသန့်သွားတာ မဟုတ်ဘဲ တရားပြိုင်နဲ့ လိုက်သွားတဲ့အခါ ကိုယ်တိုင်က ပြဿနာရဲ့အစိတ်အပိုင်းတစ်ရပ် ဖြစ်သွားတတ်တာမို့ သတင်းသမားတွေ အနေနဲ့ ရှောင်ကြဉ်သင့်တယ်” ဟု ၎င်းကဆိုသည်။

သတင်းထောက် ဖမ်းဆီးခံရခြင်းအတွက် Eleven Media Group မှ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ကို အသိပေး အကြောင်းကြား ထားသော်လည်း ကြားဝင် ဖြေရှင်းပေးရန် မေတ္တာရပ်ခံထားခြင်း မရှိကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးခံရမှုနှင့် သတင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံရမှုအတွက် သတင်းထောက်များက ဆန္ဒထုတ်ဖော်မှု အပေါ်တွင် စာနယ်ဇင်းကောင်စီက မည်သည့် မှတ်ချက်မှ မပေးလိုကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

ဆန္ဒပြ သတင်းထောက်များကို အလုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ်တစ်ဦး ဖြစ်သည့် ဦးခိုင်မောင်ရည်၊ ၈၈ မျိုးဆက်ကျောင်းသား တစ်ဦးဖြစ်သည့် ဦးမင်းကိုနိုင်၊ ပြည်သူ့ အကျိုးဆောင် လူမှုကွန်ရက်မှ ဦးထင်ကျော်တို့က ထောက်ခံကြောင်း လာရောက် အားပေးခဲ့သည်။

မန္တလေးမြို့ရှိ သတင်းသမားများ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ရန်အတွက် တရားဝင် စာတင်သော်လည်း ခွင့်ပြုချက် မရရှိခဲ့သဖြင့် မန္တလေး သတင်းသမားများ စုပေါင်း၍ အိုးဘို အကျဉ်းထောင်ရှေ့တွင် ထောင်မျှော်ကြည့်ခြင်း၊ သတင်းထောက်ကို လွှတ်ပေးရန် တစ်မိနစ်ငြိမ်သက် ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ပြီး မန္တလေးခေတ် အယ်ဒီတာချုပ် ဦးမင်းဒင်က ပြောကြားသည်။

“ရန်ကုန်က သတင်းသမားတွေ ဆန္ဒထုတ်ဖော်ဖို့ ကျတော့ ခွင့်ပြုချက်ရတယ်။ ကျွန်တော်တို့ မန္တလေး သတင်းသမားတွေ ဆန္ဒထုတ်ဖော်ဖို့ စာတင်တော့ ခွင့်ပြုချက် မရခဲ့ဘူး။ သက်ဆိုင်ရာ လူကြီးများအနေနဲ့ မီဒီယာဖိနှိပ်မှု ရပ်သင့်ပါပြီ။ သတင်းထောက်မခိုင် အမှုကိုလည်း ပြန်လည် စစ်ဆေးပေးဖို့ တောင်းဆိုပါတယ်” ဟု မန္တလေးမြို့ခံ အလွတ်တမ်း သတင်းသမား တစ်ဦးဖြစ်သူ ဦးပြည့်စုံက ပြောကြားသည်။

Eleven Media Group ၏ နယ်သတင်းထောက် တစ်ဦးဖြစ်သူ မခိုင်ကို နေအိမ်အတွင်း ကျူးကျော် ဝင်ရောက်မှု၊ အသရေဖျက်မှုနှင့် ညစ်ညမ်းစွာ ပြောဆိုမှုများဖြင့် လွိုင်ကော်မြို့နယ် တရားရုံးက ဒီဇင်ဘာလ ၁၇ ရက်တွင် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမှုအတွက် Eleven Media Group က လွိုင်ကော်ခရိုင် တရားရုံးထံ အယူခံ တင်သွင်းထားပြီး ယင်းအယူခံကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စစ်ဆေးမည် ဖြစ်ကြောင်း Eleven Media Group ထံမှ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment