18.11.14

အစ္စလာမ်ဘာသာသို့ ပြောင်းခဲ့သူ အမေရိကန် စေတနာ့ဝန်ထမ်းကို IS အုပ်စု ရက်စက်စွာ သတ်ဖြတ်မှု မိစ္ဆာလုပ်ရပ်ဟု အိုဘားမား ပြစ်တင်ရှုတ်ချ

ဆီးရီးယားနိုင်ငံရှိ IS အစွန်းရောက် အုပ်စုတို့၏ ဖမ်းဆီးခြင်းခံခဲ့ရသူ အမေရိကန်နိုင်ငံသား စေတနာ့ဝန်ထမ်း တစ်ဦးဖြစ်သူ အဘူရာမန်ကာဆစ် သတ်ဖြတ်ခံရမှုကို သမ္မတအိုဘားမားက “စစ်မှန်တဲ့ မိစ္ဆာလုပ်ရပ်” အဖြစ် သတ်မှတ်ပြောဆိုပြီး ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန် စေတနာ့ဝန်ထမ်း ရာမန်ကာဆစ်ကို IS တို့၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ရက်စက်စွာ ခေါင်းဖြတ် သတ်ဖြတ်ခံလိုက်ရမှုကို အတည်ပြုနိုင်ခဲ့ပြီးနောက် သမ္မတအိုဘားမားက ယင်းသို့ ကြေညာချက် ထုတ်ပြန်ကာ ဝေဖန်ရှုတ်ချလိုက်ခြင်း ဖြစ်သည်။
သမ္မတ အိုဘားမားသည် သြစတြေးလျနိုင်ငံ၌ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ပြီးနောက် အမေရိကန်ပြည်ထောင်စုသို့ Air Force One ဖြင့် အပြန်လမ်းတွင် အဆိုပါ ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်ပြီး သေဆုံးသွားသူ အမေရိကန်ဓားစာခံ ရာမန်ကာဆစ်၏ မိသားစုဝင်များအတွက် ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာ ပေးပို့သည်။
ထို့ပြင် အိုဘားမားက IS အုပ်စုသည် မွတ်ဆလင်များ အပါအဝင် အပြစ်ကင်းသူများကို ရက်စက်စွာ သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည့် မရဏဝါဒီ အဖျက်သမား အုပ်စုသာ ဖြစ်ကြောင်း စွပ်စွဲပြောဆိုသည်။
IS အုပ်စုက ထုတ်ပြခဲ့သော ဗီဒီယိုခွေတွင် ၎င်းတို့ ခေါင်းဖြတ်သတ်ခဲ့သည့် ဆီးရီးယား စစ်သားများ၏ ဦးခေါင်းများသာမက အမေရိကန်နိုင်ငံသား စေတနာ့ဝန်ထမ်း ကာဆစ်လည်း ပါဝင်သည်ဟု အတည်ပြုကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။
အဆိုပါ ဗီဒီယိုထဲတွင် မျက်နှာဖုံး စွပ်ထားသူ အကြမ်းဖက်သမားတစ်ဦးက အမေရိကန် လိုလားသူတစ်ဦး၏ ရုပ်အလောင်းကို ဆီးရီးယားမြောက်ပိုင်း ဒေသ ဒါဘစ်မြို့တွင် မြှုပ်နှံမည် ဖြစ်ကြောင်း ဗြိတိသျှ လေယူလေသိမ်းဖြင့် ပြောဆိုပြီး အခြားအမေရိကန် စစ်သားများလည်း အဆိုပါပုဂ္ဂိုလ်၏ ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရမည် ဖြစ်ကြောင်း သတိပေးသည်။
အလားတူ ထွက်ပေါ်လာသော အခြားဗီဒီယိုထဲတွင်လည်း ဆီးရီးယား စစ်တပ်မှ တပ်သား ၁၈ ဦးအား ခေါင်းဖြတ် သတ်ဖြတ်နေမှုများ ပါဝင်သည်။
ယခု သတ်ဖြတ်ခံလိုက်ရသော အမေရိကန်နိုင်ငံသား ကာဆစ်သည် အမေရိကန် ကြည်းတပ်မှ ရိန်ဂျာတစ်ဦး ဖြစ်ပြီး လွန်ခဲ့သည့် ၁၃ လခန့်က စတင်ကာ ပြည်တွင်းစစ်နှင့် အခြားတိုက်ပွဲများကြောင့် ပြားပြားဝပ်ခဲ့ရသော ဆီးရီးယားသို့ သွားရောက်ကာ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးခဲ့သည်။
၎င်း၏ မိသားစု အဆိုအရ ကာဆစ်သည် အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့သူတစ်ဦး ဖြစ်ပြီး ၎င်း၏ ရှေ့နာမည် ပီတာကို အပ္ပဒူရာမန်အဖြစ် ပြောင်းလဲခဲ့သည်။
ယခု ကာဆစ် သတ်ဖြတ်ခံရမှု အပါအဝင် IS အစွန်းရောက်အုပ်စုသည် အနောက်နိုင်ငံသား ငါးဦးကို ကွပ်မျက် သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment