24.7.15

ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင် ငွေကျပ် ၄၅ သိန်းတန် တန်ဖိုးနည်း တိုက်ခန်းများ ဖော်ဆောင်မည်



ရန်ကုန်မြို့တွင် တစ်နှစ်ထက်တစ်နှစ် လူနေထူထပ်မှု များပြားလာပြီး အခြေခံ လူတန်းစား များအတွက် နေစရာ အခက်အခဲ ဖြစ်ပေါ်နေမှု ဖြေလျှော့နိုင်စေရန် ငွေကျပ် ၄၅ သိန်း တန်ဖိုးရှိ တန်ဖိုးနည်း တိုက်ခန်းများကို ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တန်ဖိုးနည်း တိုက်ခန်းအိမ်ရာ ဖော်ဆောင်ရေး တော်ဝင်မိသားစု ကုမ္ပဏီလီမိတက်မှ သိရသည်။


တန်ဖိုးနည်း တိုက်ခန်း စီမံကိန်းကို ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ မြေဧက ၃ဝဝဝ တွင် ဧက ၁ဝဝဝ ချပေးနိုင်ရန် သက်ဆိုင်ရာသို့ တင်ပြထားပြီး ဖြစ်ကြောင်း၊ ထိုမြေပေါ်တွင် တိုက်ခန်းပေါင်း သုံးသိန်းကို ငါးနှစ်အတွင်း အပြီး တည်ဆောက်ကာ ကြိုပွိုင့်စနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် စီမံကိန်း ဖော်ဆောင်ရေးအတွက် အဆောက်အအုံ ဒီဇိုင်းပုံစံများ ရေးဆွဲပြီးဖြစ်ကြောင်း၊ စီမံကိန်း အတွက် လိုအပ်သော စက်ယန္တရားများ၊ တည်ဆောက်ရေး ပစ္စည်းများ၊ ဘိုးပိုင်တူးစက်များ အဆင်သင့်ဖြစ် နေ ပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာမှ တည်ဆောက်ခွင့်နှင့် မြေနေရာခွင့်ပြုမိန့် ချပေးသည်နှင့် စီမံကိန်းကို စတင် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရှစ်လွှာ အဆောက်အအုံတွင် အခန်းပေါင်း ၃၁၂ ခန်း ပါဝင်ပြီး ဓာတ်လှေကား၊ အရေးပေါ်လှေကား၊ ကော်ရစ် တာ လျှောက်လမ်းအကျယ်နှင့် LED မီးလုံးများ တပ်ဆင်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တန်ဖိုးနည်းအိမ်ရာ တိုက်ခန်း ဖော်ဆောင်ရေးအဖွဲ့မှ သိရသည်။

''တန်ဖိုးနည်း တိုက်ခန်းဆိုပြီး မြေဈေးကြီးလို့ မြို့ပြင်ထုတ်ထားရင် နေတဲ့သူတွေ အလုပ်အကိုင်နဲ့ သွားလာရန် ခက်ခဲပြီး အဆင်မပြေနိုင်၊ မထူးနိုင်ပါဘူး။ တန်ဖိုးနည်းဆိုပြီး တန်ဖိုးနည်းတဲ့ တည်ဆောက်ရေး ပစ္စည်းတွေ၊ အရည်အသွေးညံ့ပြီး ခပ်ပေါပေါနဲ့ ဝယ်လို့ရတဲ့ ပစ္စည်းတွေ သုံးထားမယ်ဆိုရင်လည်း ပြိုကျသွားပါလိမ့်မယ်။ နောက်ပြီး ဝယ်ရောင်းသမားတွေကို ထိန်းချုပ်နိုင်ဖို့ အခန်းရေများများ တည်ဆောက်နိုင်မှ အဆင်ပြေမှာပါ။ နေအိမ်တိုက်ခန်း ငှားနေတဲ့ သူတွေက တစ်နှစ်ထက်တစ်နှစ် များပြားနေပါပြီ။ သူတို့ရဲ့ဝင်ငွေနဲ့ သင့်တင့် လျောက်ပတ်တဲ့ ဈေးနှုန်းနဲ့ အကောင်းဆုံး ဖြေရှင်းပေးချင် တဲ့ ဆန္ဒပါ'' ဟု တော်ဝင်မိသားစု ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများအား ကြိုပွိုင့်စနစ်၊ လက်ငင်းငွေချေစနစ်၊ ဘဏ်နှင့်ချိတ်ဆက်ပြီး လစဉ် ငွေပေး သွင်းသည့် စနစ်များဖြင့် ကနဦး တည်ဆောက်ပြီး အဆောက်အအုံ အခန်းများ ရောင်းချပေးသွားမည် ဖြစ်သည်။ ရရှိ မည့်ငွေဖြင့် ကျန်အဆောက်အအုံများကို ထပ်မံတည်ဆောက်ကာ ငါးနှစ်အတွင်း တိုက်ခန်းပေါင်း သုံးသိန်း ပြည့်သည် အထိ ဖော်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ တိုက်ခန်း မဝယ်နိုင်သည့် အခြေခံ လူတန်းစား များအတွက် တစ်လ လျှင် ငွေကျပ် ၃ဝဝဝဝ ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ပြီး ယင်းစီမံကိန်း ဖော်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ၏ မြေနေရာ ချထားပေးမှုအပေါ် မူတည်ပြီး အမြန်ဆုံး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း တန်ဖိုးနည်း အိမ်ရာ ဖော်ဆောင်ရေး စီမံကိန်းအဖွဲ့မှ သိရသည်
Credit to>>>မြ၀တီ

0 comments:

Post a Comment