24.7.15

မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌ မစုစုနွေးအား ခရီးသည်တင်ယာဉ်ပေါ်မှ ဖမ်းဆီးကာ ပဲခူးအင်းတကော် ရဲစခန်းမှ တရားရုံးသို့ ခေါ်ဆောင်သွားဟု ၎င်း၏ခင်ပွန်း ပြောကြား

မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌ မစုစုနွေးအား ဇူလိုင်၂၃ ရက် နံနက်ပိုင်းက ပဲခူးအင်းတကော် ရဲစခန်းမှ ဖမ်းဆီးစစ်ဆေးကာ တရားရုံးသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

မစုစုနွေးနှင့်အဖွဲ့သည် ညောင်လေးပင် မြိုသို့ ဇူလိုင် ၂၂ ရက်က တောင်သူလယ်သမားကိစ္စနှင့် ရောက်ရှိပြီး၊ ဇူလိုင် ၂၃ ရက် နံနက်ပိုင်း အပြန်တွင် ပဲခူးရဲစခန်းက ခရီးသည် တင်ကားအား ရဲစခန်းထဲသို့ မောင်းနှင်ခိုင်း၍ ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
မစုစုနွေးကို ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်ပြီး ယောက်ျားဖြစ်သူကို ကျော်ကျော်ထွေးက          “အင်းတကော်တရားရုံးကို တင်ထားပါပြီ။ ပဲခူးအင်းတကော်ဘက်ကနေ လယ်ယာမြေဧက ၈၀၀၀ ကျော် စစ်တပ်က သိမ်းဆည်းတာတွေ အဲဒီဘက်က လယ်သမားတွေက မစုစုနွေးကို အကူအညီ လာတောင်းတာကြောင့် မစုစုနွေးက သွားရောက်ဖြေရှင်းပေးတယ်။ အဲဒါကို စစ်တပ်က သူတို့လယ်ယာမြေထဲကို ကျူးကျော်မှု ပုဒ်မ ၄၄၇ ဖြင့် ရဲစခန်းမှာ အမူဖွင့်ထားတယ်။  အမှုဖွင့်ထားတာက လွန်ခဲ့တဲ့ နှစ်လ သုံးလကပါ။ အခု မစုစုနွေးက ညောင်လေးပင်မြို့နယ်ကို တောင်သူလယ်သမားကိစ္စနဲ့ သွားရောက်တယ်။ အပြန်မှာ ပဲခူးရဲတွေကနေ ခရီးသည်တင်ကားကို ရဲစခန်းထဲမောင်းခိုင်းပြီး ဖမ်းဆီးစစ်ဆေးပါတယ်။ သွားတာက မစုစုနွေး အပါအ၀င် ခုနစ်ယောက်ပါ၊ ဖမ်းတာက  မစုစုနွေး တစ်ယောက်တည်းပါ” ဟု ပြောကြားသည်။
၎င်းကဆက်လက်၍ “မစုစုနွေးကတရား ရုံးတင်မယ်ဆိုပြီး ခေါ်တာကို မစုစုနွေးက မတ်တတ်ရပ် ဆန္ဒပြတာ၊ အတင်းဖမ်းပြီး တရားရုံးခေါ်သွားပါတယ်။ မစုစုနွေးက အာမခံလည်း လုပ်မှာမဟုတ်ဘူး။ ခံဝန်တွေလည်း လုပ်မှာမဟုတ်ဘူး။ အဲဒီအတွက် အဖမ်းခံမယ်ဆိုလည်း အဖမ်းခံမှာပါ။ ပြီးရင် မစုစုနွေးတို့ဘက်မှာ ရှေ့နေရှိတယ်။ အဲဒီရှေ့နေနဲ့ ဆွေးနွေးမယ်။ ဒါက တရားဥပဒေစိုးမိုးရေး၊ နိုင်ငံရေးနဲ့လည်း သက်ဆိုင်တယ်။  နိုင်ငံရေးကလည်း ၂၀၁၅  ရွေးကောက်ပွဲ နီးလာတော့ ဒီမိုကရက်တစ် အင်အားစုကို ထောက်ခံအားပေးတဲ့ ခေါင်းဆောင်တွေကို တမင်တကာ ထောင်ခြောက်ဆင် ဖမ်းဆီးတာလို့ ကျွန်တော်ခံစားရတယ်” ဟု ပြောကြားသည်။
အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌ ဖြစ်သူမစုစုနွေးကသူ၏  Facebook စာမျက်နှာတွင် “၂၀၁၅ ရွေးကောက်ပွဲအတွက် လက်ရှိအစိုးရနဲ့ စစ်တပ်က ကြောက်လို့ ဖမ်းတာပါ။ မိတ်ဆွေအားလုံး မစိုးရိမ်ပါနဲ့။ ကျွန်မတော့ အမှားမလုပ်တဲ့အတွက် အာမခံမလုပ်ဘူး” ဟု ရေးသားခဲ့သည်။
မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌဖြစ်သူ မစုစုနွေးသည် အာမခံလုံးဝ မလျှောက်ထားဘဲ ပဲခူးထောင်ထဲမှနေ၍ တရားရင်ဆိုင်မည် ဖြစ်ကြောင်း သိရသည်။
Credit to: Eleven

0 comments:

Post a Comment