24.7.15

ငွေဆောင်မြို့ပြ နှစ် ၂၀ စီမံကိန်း မူကြမ်းရေးဆွဲပြီးစီး


ငွေဆောင်မြို့ပြနှစ် ၂၀ စီမံကိန်းမူကြမ်း အား ရေးဆွဲပြီးစီးခဲ့ပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သတင်းထုတ် ပြန်ခဲ့သည်။


နှစ် ၂၀ ကို လေးပိုင်းခွဲကာ ငါးနှစ်တစ် ကြိမ် ဦးစားပေးလုပ်ကိုင်ရမည့် ကဏ္ဍအလိုက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။

လျာထားရေးဆွဲမည့် ငွေဆောင်မြို့ပြ စီမံကိန်းတွင် လေယာဉ်ကွင်းငယ်များနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ ပါဝင်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။

မြို့ပြစီမံကိန်းအတွင်း ရေ၊ မီး၊ လမ်းတံတား၊ ဆက်သွယ်ရေး လုပ်ငန်းများ၊ ကမ်းခြေအပန်းဖြေစခန်းနှင့် လိုက်လျောညီထွေမှုဖြစ်မည့် လုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမည့် အစီအစဉ်များ ပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုလအတွင်းက ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနနှင့် ထိုင်းနိုင်ငံအခြေစိုက် LP Holding Co.ltd နှင့် Inter-Associates Ltd တို့ ငွေဆောင်မြို့ပြ စီမံကိန်းနှင့်ပတ်သက်ကာ တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။

LP Holding Co.ltd က ငွေဆောင်ဒေသ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်ကာ ငွေဆောင်မြို့ပြ စီမံကိန်းမူကြမ်းအား နိုင်ငံတကာ အတွေ့အကြုံများနှင့် နှိုင်းယှဉ်ပြောကြား ထားသည်။

ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က “မိမိတို့အနေဖြင့် ငွေဆောင်ဒေသတွင် အချို့ အခြေခံ အဆောက်အအုံများ တည်ဆောင်ရေးအတွက် လျာထားမှုများ ရှိပါကြောင်း ပေါင်းစပ်ရေးဆွဲသွားရန် ဖြစ်ပါကြောင်း” ပြောကြားသည်။ ငွေဆောင်မြို့ပြ စီမံကိန်းကို နှစ် ၂၀ စီမံကိန်းအဖြစ် သတ်မှတ်ထားပြီး ငါးနှစ်စီ အပိုင်းလေးပိုင်းခွဲကာ ရေးဆွဲသွားမည်ဖြစ်ကာ ငွေဆောင်ကမ်းခြေကို ဆွဲဆောင်နိုင်ရန် အဓိက လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ငွေဆောင်ကမ်းခြေမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှုနှုန်းမှာ တစ်နှစ်လျှင် ပျမ်းမျှ ငါးသောင်းခန့် ၀င်ရောက်လျက် ရှိသော်လည်း အခြားကမ်းခြေများနှင့် နှိုင်းယှဉ်ပါက ခရီးသည်ဝင်ရောက်မှုနှုန်း လျော့ကျနေလျက် ရှိကြောင်း သိရသည်။

ယင်းမှာ အခြေခံအဆောက်အအုံ နည်းပါးခြင်းနှင့် ခရီးသွားများအား ဆွဲဆောင်နိုင်သည့် နည်းလမ်းများ လိုအပ်နေခြင်းကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ ကမ်းခြေများသို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ ၀င်ရောက်မှုနှုန်းမှာ တစ်နှစ်လျှင် ငါးသိန်းခန့် အထိရှိနိုင်ပြီး ချောင်းသာကမ်းခြေမှာ ၀င်ရောက်မှုအများဆုံး ကမ်းခြေဖြစ်သည်။

ကမ်းခြေဟိုတယ်များ၌ လျှပ်စစ်ဓာတ်အားရရှိစေရန် သက်ဆိုင်ရာ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနှင့် ညှိနှိုင်းနေပြီး ဓာတ်အားလိုင်း သွယ်တန်းခြင်းကို အသေးစိတ် ဆွေးနေကာ လာမည့်နှစ်နှစ်အတွင်း ချောင်းသာ၊ ငွေဆောင်၊ ငပလီကမ်းခြေတို့ကို ဓာတ်အားဖြန့်ဖြူးရန် စီစဉ်ထားသည်ဟုလည်း သိရသည်။
Credit to>>>Eleven Media

0 comments:

Post a Comment