24.7.15

အိုင်အက်စ်တို့ကို တိုက်ခိုက်ရန် တူရကီရှိ လေတပ်စခန်း တစ်ခုကို အမေရိကန် အသုံးပြုခွင့်ရ


အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်ရန်အတွက် ၎င်းတို့၏ အဓိက လေတပ်အခြေစိုက်စခန်းအား တူရကီက အမေရိကန်ကို အသုံးပြုခွင့် ပေးလိုက်ကြောင်း သိရသည်။



လပေါင်းများစွာ ညှိနှိုင်းမှုများ အပြီးတွင် ဆီးရီးယားနှင့် နယ်နိမိတ် အနီးရှိ မဟာဗျူဟာကျသော အခြေစိုက်စခန်းကို အမေရိကန် တိုက်လေယာဉ်များ အသုံးပြုရန် တူရကီက ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ တူရကီသည် အမေရိကန် ဦးဆောင်သည့် မဟာမိတ်များက အိုင်အက်စ်တို့ကို လေကြောင်းမှ တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် ထဲထဲဝင်ဝင် မပါဝင်ဘဲ လက်ရှောင်နေခဲ့သည်။

သို့သော်လည်း ဆီးရီးယားနှင့် နယ်နိမိတ်အနီး တူရကီ ပိုင်နက်တွင် အိုင်အက်စ်တို့နှင့် ဆက်နွှယ်သည့် အကြမ်းဖက် တိုက်ခိုက်မှုများ မြင့်တက်လာသည့်နောက် ယခုသဘောတူညီမှု လျင်လျင်မြန်မြန် ဖြစ်မြောက်လာခြင်းဟု သိရသည်။ ယခုသီတင်းပတ် အစောပိုင်းက ဆီးရီးယား နယ်စပ်ရှိ တူရကီပိုင် မြို့ငယ်တစ်ခုတွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားရာ လူ ၃၂ ဦး သေဆုံးခဲ့သည်။

အမေရိကန် တိုက်လေယာဉ်များကို တူရကီ အခြေစိုက် စခန်းမှ ပျံသန်းခွင့်ပေးရေးကို အမေရိကန် သမ္မတ ဘာရတ်အိုဘားမားနှင့် တူရကီ သမ္မတ ရီဆက်ပ်တေယစ်ပ် အာဒိုဂန်တို့ ယခုသီတင်းပတ်အတွင်း ဖုန်းဖြင့် ဆွေးနွေးပြီး သဘောတူညီနိုင်ခဲ့ခြင်းဟု အမေရိကန် အစိုးရ၏ အမည်မဖော်လိုသူ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

အင်ကာလစ် လေတပ်စခန်းကို အသုံးပြုခွင့် ရခြင်းသည် အိုင်အက်စ်တို့ကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် အမေရိကန်၏ စစ်ရေးစွမ်းအင်ကို သိသိသာသာ မြှင့်တင်နိုင်မည် ဖြစ်သည်။ အမေရိကန် စစ်ဘက် တာဝန်ရှိသူ တစ်ဦးက ယခုသဘောတူညီမှုသည် ဆီးရီးယားရှိ အိုင်အက်စ်တပ်များအပေါ် ဆင်နွှဲနေသည့် စစ်ဆင်ရေး ချိန်ခွင်လျှာကို အပြောင်းအလဲ ဖြစ်လာစေမည့် ခြေလှမ်းတစ်ရပ်ဟုလည်း မှတ်ချက်ပေးခဲ့သည်။

အိုင်အက်စ်တို့ကို တိုက်ခိုက်နေသည့် အမေရိကန် ဦးဆောင်သော မဟာမိတ် လေတပ်များအတွက် အဓိက ကြုံခဲ့ရသည့် ပထဝီဝင် အနေအထား ပြဿနာကို ယခုအခါ ဖယ်ရှားနိုင်တော့မည် ဖြစ်သည်။ တူရကီသည် အိုင်အက်စ်တို့ကို တိုက်ခိုက်သည့် စစ်ဆင်ရေး အစပြုစဉ် ကတည်းက မဟာမိတ် တပ်ဖွဲ့တွင် ပါဝင်ခဲ့သော်လည်း အပြည့်အဝ ပူးပေါင်း ပါဝင်မှု မရှိသေးချေ။ ယင်းသည် ဆီးရီးယား ပြည်တွင်းရေး ပြဿနာများနှင့် ခပ်ကင်းကင်း ရှိလိုသည့် သဘောထားကြောင်းလည်း ဖြစ်သည်။

တူရကီ အစိုးရသည် အိုင်အက်စ်တို့နှင့် ပတ်သက်၍ ထိထိရောက်ရောက် ကိုင်တွယ်ချေမှုန်းမှု မရှိခြင်းအတွက် ဝေဖန်မှုများစွာ ကြုံနေရသည်။ ဇူလိုင် ၂၃ ရက်တွင်မူ ကီလစ်မြို့အနီးတွင် အိုင်အက်စ်တပ်များနှင့် တူရကီ အစိုးရ တပ်များကြား အပြန်အလှန် တိုက်ခိုက်မှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
Credit to>>>7 Day Daily

0 comments:

Post a Comment