14.9.15

အခွန်ဆောင်ရန် ပျက်ကွက်နေသူများအား ကျသင့်သည့် အမြတ်ခွန်၊ ၀င်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်များ ပေးဆောင်ရန် စတင်တောင်းခံနေပြီး အခွန်ကြွေးကျန်များ မပေးဆောင်ပါက တည်ဆဲအခွန်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း သတိပေး

အခွန်ဆောင်ရန် ပျက်ကွက်နေသူများ အနေနှင့် ကျသင့်သည့် အမြတ်ခွန်၊ ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ ပေးဆောင်ရန် ပြည်တွင်းအခွန်များ ဦးစီးဌာနက သတင်းစာများမှတစ်ဆင့် အခွန်ကြွေးကျန်များ စတင်တောင်းခံလာနေပြီး သတ်မှတ်ရက်အတွင်း မပေးဆောင်ပါက တည်ဆဲအခွန်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက သတိပေးထားသည်။
အခွန်ဆောင်ရန် ပျက်ကွက်နေသည့် လုပ်ငန်းများကို အခွန်ဆောင်ရန် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် စက်တင်ဘာ ဒုတိယအပတ်မှစကာ အခွန်ကြွေးကျန်များ ပေးဆောင်ရန် သတိပေးလာခြင်းဖြစ်ပြီး ကနဦးအနေဖြင့် ဗဟန်းမြို့နယ်အတွင်းရှိ အခွန်ရှောင်သူအချို့ကို နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် စက်တင်ဘာ ၂၅ ရက်တွင် ယခင် အခွန်ဆောင်ရန် ပျက်ကွက်ခဲ့သည့် ၂၀၁၁-၂၀၁၂၊ ၂၀၁၂-၂၀၁၃၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်များအတွက် အမြတ်ခွန်၊ ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ ပေးဆောင်ရန် သတိပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကျသင့်ခွန်များအား ယခုလ ၂၅ ရက် နောက်ဆုံးထား၍ ပေးဆောင်ရန် သတိပေးခဲ့ခြင်း ဖြစ်သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် နှစ်ချုပ်ဝင်ငွေ ကြေညာလွှာ တင်သွင်းရန် ပျက်ကွက်သည့် ကုမ္ပဏီပေါင်း ၉၃၅၇ ခုအထိ ရှိနေကြောင်း အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးက ဇူလိုင်နောက်ဆုံးအပတ်တွင် သတင်းထုတ်ပြန်သည်။

ဝင်ငွေကြေညာလွှာ တင်သွင်းရန် တာဝန်ရှိသည့် ကုမ္ပဏီများကို ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးနှင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတို့တွင် ဇွန် ၃၀ ရက် နောက်ဆုံးထား၍ ၀င်ငွေကြေညာလွှာ တင်သွင်းရန် ထုတ်ပြန်ခဲ့ပြီး လက်ရှိတွင် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးမှ ၀င်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီပေါင်း ၉၃၅၇ ခု စာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးမှ ထုတ်ပြန်ခဲ့သည့် ကုမ္ပဏီ ၉၅၃၇ ခုအနက် ၀င်ငွေကြေညာလွှာ အချိန်မီ တင်သွင်းရန် ပျက်ကွက်သည့် ကုမ္ပဏီများမှာ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းများ၊ ၀န်ဆောင်မှုကုမ္ပဏီများ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်း ကုမ္ပဏီများ စသည့် ကုမ္ပဏီများ အများဆုံး ပါဝင်ကြောင်း အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

နှစ်ချုပ် ၀င်ငွေကြေညာလွှာ အချိန်မီ တင်သွင်းခြင်း မရှိသည့် ကုမ္ပဏီများ အနေနှင့် ၀င်ငွေခွန်ဥပဒေ ပုဒ်မ ၄၆ (က)အရ ကျသင့်အခွန်၏ ၁၀ ရာခိုင်နှုန်း ဒဏ်ငွေအဖြစ် ပေးဆောင်ရမည်ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနတွင် တစ်ဦးချင်းပုဂ္ဂိုလ်များ၊ ပုဂ္ဂိုလ်စုများ၊ ကုမ္ပဏီများမှ ပေးဆောင်ရန် ကျန်ရှိသည့် နှစ်အဆက်ဆက် အခွန်မပြေ ကျန်ငွေများ ကျန်ရှိနေကြောင်း သိရသည်။ ယင်းအခွန်မပြေ ကျန်ငွေများကို ဥပဒေနှင့်အညီ ပေးဆောင်လာစေရေးအတွက် အကြိမ်ကြိမ် စည်းရုံးနှိုးဆော်၍ ကောက်ခံနေသော်လည်း အချို့သော အခွန်ထမ်းများ အနေဖြင့် အခွန်မပြေ ကျန်ငွေများ ပေးဆောင်ရန် ဆက်လက်ပျက်ကွက်နေသည်။ အဆိုပါ ပျက်ကွက်သူများအား သတ်မှတ်ပေးထားသည့် အချိန်အတွင်း ပေးဆောင်ခြင်း မရှိပါက တည်ဆဲ ၀င်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပုဒ်မများနှင့် အညီ တရားစွဲဆို အရေးယူ ဆောင်ရွက်ခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အခွန်ကြွေးပေးဆပ်ရန် ကျန်ရှိသည့် အခွန်ထမ်းများ အနေဖြင့် သတ်မှတ်ရက်အတွင်း မပျက်မကွက် လာရောက်ပေးဆောင်ရန်နှင့် ဆက်လက်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ်မှ အခွန်ငွေကျပ် ဘီလျံ ၆၀၀၀ နီးပါး ကောက်ခံရရှိရန် လျာထားပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ထက် ကျပ်ဘီလျံ ၁၀၀၀ ကျော် အခွန်လျာထားချက် ပိုမိုများပြားခဲ့ကြောင်း ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ သိရသည်။

အဆိုပါ ဥပဒေအရ ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက် ကျပ် ၂၅၇၉ ဒသမ ၉၉၃ ဘီလျံ၊ ၀င်ငွေနှင့် ပိုင်ဆိုင်မှုအပေါ် ကောက်ခံသည့် အခွန်အကောက် ကျပ် ၂၁၃၅ ဒသမ ၄၃၄ ဘီလျံ၊ အကောက်ခွန် ကျပ် ၃၇၅ ဘီလျံနှင့် နိုင်ငံပိုင် သယံဇာတများ ထုတ်ယူသုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက် ကျပ် ၈၅၇ ဒသမ ၉၄၇ ဘီလျံ အခွန်ငွေ စုစုပေါင်း ကျပ် ၅၉၄၈ ဒသမ ၃၇၅ ဘီလျံ ကောက်ခံရန် လျာထားကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment