17.9.15

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး နီးစပ်လာ


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး လုပ်နိုင်စေရန် ဥပဒေ သတ်မှတ်ချက် စကားရပ်များ ပြင်ဆင်ရေး လာမည့်နှစ်ကစပြီး ဆွေးနွေးမည်ဟု ကုလသမဂ္ဂ အထွေထွေ ညီလာခံက တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်လိုက်သည်။ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းနေသော အိန္ဒိယ အတွက်လည်း ထိုဆုံးဖြတ်ချက်ကြောင့် ရည်မှန်းချက် နီးစပ်လာပြီဟု ဆိုနိုင်သည်။

       လက်ရှိ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံတည်း ဖြစ်နေခြင်းသည် တစ်ကမ္ဘာလုံးကို ကိုယ်စားပြုရာ မရောက်ဟု ကုလအဖွဲ့ဝင်နိုင်ငံ အများအပြားက နှစ်ပေါင်းများစွာ ညည်းတွားခဲ့ကြပြီးနောက် ယခုလို ပြုပြင်ပြောင်းလဲရေး ကနဦး သဘောတူချက် ရရှိခဲ့ခြင်း ဖြစ်သည်။ လုံခြုံရေးကောင်စီကို ပြုပြင်ဖွဲ့စည်းကာ အမြဲတမ်းအဖွဲ့ဝင် အရေအတွက် တိုးချဲ့မည့် အစီအစဉ်အတွက် ဥပဒေ စကားရပ်များကို လာမည့်နှစ်ကစပြီး ဆွေးနွေးရန် အထွေထွေ ညီလာခံတွင် အဖွဲ့ဝင်နိုင်ငံများ သဘောတူခဲ့ကြခြင်း ဖြစ်သည်။
      “(၂၃) နှစ်ကြာ စည်းရုံးဆော်သြမှု၊ (၇)နှစ်ကြာ အစိုးရတွေချင်း အပြန်အလှန် ဆွေးနွေးမှုတွေ လုပ်ပြီးမှ အခုလို ကနဦးအဆင့်ကို စားပွဲပေါ် တင်နိုင်တာ ဖြစ်ပါတယ်”ဟု အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ၀ီကာဆွာရတ်က ပြောသည်။
      လက်ရှိတွင် ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်၊ တရုတ်၊ ရုရှားတို့သည် လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်များအဖြစ် ဗီတိုအာဏာ ကိုင်စွဲထားကြသည်။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များသည် ထိုငါးနိုင်ငံ၏ အကျိုးစီးပွားနှင့် ဆက်စပ်လျက် ရှိနေခြင်းကို အခြားသော အဖွဲ့ဝင်နိုင်ငံများက ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိသည်။
      လာမည့်နှစ် ကုလအထွေထွေ ညီလာခံတွင် လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး ဥပဒေမူကြမ်း အသိအမှတ်ပြုခံရရန် အဖွဲ့ဝင်နိုင်ငံ သုံးပုံနှစ်ပုံနှင့်အထက် ထောက်ခံမဲ ပေးဖို့လိုကြောင်း သိရသည်။

Credit To >>> Messenger News

0 comments:

Post a Comment