17.9.15

မြောက်ကိုရီးယား၏ ရန်စသော လုပ်ရပ်များကို အမေရိကန် သတိပေး


 မြောက်ကိုရီးယားနိုင်ငံက ၎င်း၏ ယုံဗြောင်း နျူကလီးယား စီမံကိန်းတွင် ပုံမှန်အစီအစဉ်များ ပြန်စနေပြီဟု ကြေညာခဲ့ပြီးနောက် ယင်းကဲ့သို့ ရန်စသော တာဝန်မဲ့လုပ်ရပ်များ ပြုလုပ်နေခြင်းကို အမေရိကန်ပြည်ထောင်စုက သတိပေးလိုက်သည်ဟု VOA သတင်းတွင်ဖော်ပြထားသည်။

မြောက်ကိုရီးယား အနေနှင့် ဒေသတွင်း ပိုမိုတင်းမာစေမည့် လုပ်ရပ်များကို ရှောင်ရှားသင့်ပြီး နိုင်ငံတကာ ကတိကဝတ်နှင့် ဝတ္တရားများ ပြည့်မီရေးကိုသာ အာရုံစိုက်သင့်ကြောင်း၊ ပြုံယမ်းအား နျူကလီးယားလက်နက် နိုင်ငံအဖြစ် လက်သင့်မခံသော အမေရိကန်နှင့် နိုင်ငံတကာ၏ သဘောထားသည် အပြောင်းအလဲမရှိကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျို့စ်အားနက်စ်က အင်္ဂါနေ့တွင် ပြောကြားသည်။
မြောက်ကိုရီးယားသည် ၎င်း၏ အဓိကရန်ဘက်များ ဖြစ်သော တောင်ကိုရီးယားနှင့် အမေရိကန်တို့ထံမှ နိုင်ငံရေးညှိနှိုင်းမှု ရရှိရန် ကြိုးပမ်းသည့် အခါမျိုးတွင် စစ်စကား တွင်တွင်ပြောကာ လေတစ်လုံးမိုးတစ်လုံး ခြောက်လှန့်လေ့ရှိသည်ဟု ဆိုသည်။
ယုံဗြောင်းရှိ ယူရေနီယမ် သန့်စင်စက်နှင့် ၅ မဂ္ဂါဝပ် နျူဓာတ်ပေါင်းဖို အပါအဝင် နျူကလီးယား က်ရုံများကို ပုံမှန်ပြန်စနေပြီဟု ပြုံယမ်း KCNA သတင်းဌာနက ကြေညာခဲ့သည်။
နျူကလီးယား စမ်းသပ်မှု သုံးကြိမ်စလုံးအတွက် ပစ္စည်းများကို အဓိက ထုတ်လုပ်ပေးသော ယုံဗြောင်းစီမံကိန်းကို အမေရိကန်နှင့် သဘောတူညီချက်အရ ၂၀၀၇ ခုနှစ်တွင် ရပ်နားခဲ့သော်လည်း နောက်ပိုင်းတွင် တစ်စိတ်တစ်ပိုင်း ပြန်စခဲ့သည်။
ရာသီဥတု လေ့လာရေး ဂြိုဟ်တုကို တာဝေးပစ်ဒုံးကျည်ဖြင့် ကမ္ဘာပတ်လမ်းကြောင်းသို့ လွှတ်တင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြုံယမ်းအာဏာပိုင်များက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး ပစ်လွှတ်မည့် အချိန်အတိအကျ မပေးသော်လည်းမြောက်ကိုရီးယား၏ အာဏာရ ကွန်မြူနစ်ပါတီ နှစ် ၇၀ ပြည့်သော အောက်တိုဘာလ ၁၀ ရက်တွင် ပြုလုပ်ဖွယ် ရှိသည်ဟု မှန်းဆရသည်။
ယင်းလုပ်ရပ်သည် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုကို တားမြစ်ထားသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အလွန်အမင်း ချိုးဖောက်ရာ ရောက်လိမ့်မည်ဟု တောင်ကိုရီးယား သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆွတ်က ပြောကြားသည်။
ပြုံယမ်းက ရာသီဥတု လေ့လာရေးအတွက် ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် ပစ်လွှတ်ခြင်းဟု ကာကွယ်ပြောဆိုနေသော်လည်း စစ်ဖက်သုံး နည်းပညာနှင့် တူညီသောအချက်ကြောင့် ဟန်ဆောင်ပုံဖျက် စမ်းသပ်မှုဟု အမေရိကန်နှင့် တောင်ကိုရီးယား အပါအဝင် နိုင်ငံများစွာက ရှုမြင်ကြသည်။
ပြုံယမ်း၏ ရန်ဘက်ဖြစ်ပြီး အမေရိကန်၏ မဟာမိတ်ဖြစ်သော ဂျပန်နိုင်ငံကလည်း “ဂြိုဟ်တုလွှတ်တင်ခြင်း ဖြစ်သည့် တိုင်အောင် တာဝေးပစ်ဒုံးကျည် ပစ်လွှတ်မှုသည် ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို လုံးလုံးလျားလျား ချိုးဖောက်ခြင်း ဖြစ်သည်” ဟု သတိပေး ပြောကြားသည်။
မြောက်ကိုရီးယားသည် တာဝေးပစ် ဒုံးကျည်ကို အကြိမ်ကြိမ်စမ်းသပ်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင် ရာသီဥတု ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်ခဲ့ပြီး နောက်ထပ် နိုင်ငံတကာ Sanctions ပိတ်ဆို့အရေးယူခြင်းကို ခံရသည်။
သို့ရာတွင် ပြုံယမ်းက ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် တတိယအကြိမ် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခြင်းဖြင့် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများကို တုံ့ပြန်ခဲ့သည်။
ယခုအချိန်တွင် ဒုံးကျည်စမ်းသပ်ခြင်း သို့မဟုတ် နျူစမ်းသပ်ခြင်းသည် ကိုရီးယား နှစ်နိုင်ငံအကြား နွေးထွေးသည့် ဆက်ဆံရေးကို ပျက်ပြားစေမည် ဖြစ်သည်။
ပြီးခဲ့သော သြဂုတ်လကပင် နယ်စပ်တွင် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးမှ တင်းမာမှု လျှော့ချရန် ဆွေးနွေးညှိနှိုင်းခဲ့ကြရသည်။
၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲကို ငြိမ်းချမ်းရေးစာချုပ် မချုပ်ဘဲ စစ်ရပ်ဆိုင်း စာချုပ်ဖြင့်သာ အဆုံးသတ်ထားကြသော ကိုရီးယားနှစ်နိုင်ငံသည် စစ်ပွဲကြောင့် ကွဲကွာသွားကြသော မိသားစုများ ပြန်လည်ဆုံတွေ့ရေးအတွက် ဆွေးနွေးပွဲများကို လာမည့်လတွင် ပြန်စရန် စီစဉ်ထားသည်ဟုလည်း သိရှိရသည်။

Credit To >> > The Voice News

0 comments:

Post a Comment