17.9.15

ရန်ကုန်မှာ လိုင်းကားများ မပြေးဆွဲ


မနေ့က ရန်ကုန်မှာ ကားစီးရေး တစ်ထောင်နီးပါး ပုံမှန် ပြေးဆွဲတာတွေ မလုပ်ကြဘဲ၊ ရပ်နားထားတယ်လို့ သိရပါတယ်။
လိုင်းကားတွေ ပုံမှန် ပြေးဆွဲခြင်း မပြုလုပ်ကြတဲ့အတွက် ခရီးသည်တွေ အင်မတန်မှ ဒုက္ခရောက်ကြရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ လွှတ်တော်က အတည်ပြုလိုက်တဲ့ ဒဏ်ကြေးငွေကြောင့် ပုံမှန် မပြေးဆွဲဘဲ ဆန့်ကျင် ဆန္ဒပြကြတာလို့လည်း ဆိုပါတယ်။
အတည်ပြုလိုက်တဲ့ ဒဏ်ငွေက ထောင်ဂဏန်း ကနေ သုံးသောင်း အထိ အဆ ၂၀ လောက် တိုးမြှင့်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
လိုင်းကားကို အသုံးပြုပြီး နေ့စဉ် ခရီးသွားလာနေရတဲ့ ခရီးသွား တစ်ဦးက ထွက်တဲ့ လိုင်းကားတွေနဲ့ တိုးကြိတ်လိုက်ရတယ်၊ ပြီးတော့ ကားပေါ်မှာ လူတွေပြည့်နေတဲ့ အတွက် မတ်တပ်ရပ်ဖို့တောင် မနည်း ကြိုးစားရတယ်လို့ ဆိုပါတယ်။ မြောက် ဥက္ကလာ ကနေ ရန်ကုန် မြို့လည်ခေါင်ကို ပြေးဆွဲနေတဲ့ ကားတွေအပြင် အခြား ယဉ်လိုင်းက ကားတွေလည်း ရပ်နားထားတာမျိုး ရှိတယ်လို့လည်း ဆိုပါတယ်။
ဘာကြောင့် အခုလို ပုံမှန် မပြေးဆွဲ ရသလဲ ဆိုတာက ပြီးခဲ့တဲ့ စက်တင်ဘာ (၇) ရက်နေ့က မော်တော်ယဉ် ဥပဒေ ထွက်ရှိခဲ့ပြီး အဲဒီ မော်တော်ယဉ် ဥပဒေမှာ ယဉ်စည်းကမ်း ဖောက်ဖျက်မှုအတွက် ဒဏ်ကြေးတွေကို တိုးမြှင့် သတ်မှတ်လိုက်တယ်၊ ဒဏ်ငွေက သုံးသောင်း ဒါမှမဟုတ် ငါးသောင်း ထက် မပိုသော ဒဏ်ငွေ ဒါမှမဟုတ် ထောင်ဒဏ် တစ်လထက် မပိုဘဲ ကျခံစေရမယ်လို့ တိုးမြှင့်သတ်မှတ်လိုက်တဲ့အခါ ယဉ်လုပ်သား များ အနေနဲ့ ဒဏ်ငွေဆောင်ဖို့ အင်မတန်မှ ခက်ခဲတယ်၊ အဲဒီ ဒဏ်ငွေ ပေးဆောင်ရမယ့် ငွေကြေး မြင့်မား တာကြောင့် ဒီကနေ့မှာ လိုင်းကားမောင်းဖို့ ကားလာ မထုတ်ကြဘူးလို့ အမှတ် ၄၈ မော်တော်ယဉ်လိုင်းက ယဉ်ပိုင်ရှင် ကိုတရုတ်လေးက ရှင်းပြပါတယ်။
ယဉ်ပိုင်ရှင်အပိုင်းက ဒဏ်ကြေး တိုးမြှင့်တာနဲ့ ပတ်သက်လို့ ကန့်ကွက်စရာ မရှိပေမယ့် ဥပဒေနဲ့ ညီမျှအောင် အုပ်ချုပ်ရေးပိုင်းက တာဝန်ယူပေးဖို့ လိုမယ်လို့ လည်း ကိုတရုတ်လေးက ဆက်ပြောပါတယ်။
မထသ ဗဟို အနေနဲ့ အစည်းအဝေးတွေ လုပ်ပြီး ဥပဒေပါ ပြဌာန်းချက်တွေကို လိုက်နာကြရေးကို ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ဒီ အကြောင်းတွေကြောင့် လိုင်းကားတွေ ထွက်တာ နည်းရတာ ဖြစ်မယ်လို့ မော်တော်ယဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ ဥက္ကဌ ဦးလှအောင်က ပြောပါတယ်။
လောလောဆယ်အထိ လိုင်းကားတွေနဲ့ ဒီဥပဒေသစ်ဟာ လိုက်လျော ညီထွေ ဖြစ်နိုင်တဲ့ အခြေအနေ မရှိသေးဘဲ၊ ရန်ကုန်မြို့နေ လူထု ၂ သန်း လောက်ဟာ လိုင်းကား ၄၀၀၀ လောက်ကိုပဲ မှီခိုနေရပါတယ်။
အခုလို လိုင်းကား အစီးရေ တစ်ထောင်လောက် နားလိုက်တာဟာ အတော်ကို အခက်အခဲ ဖြစ်စေကြာင်း ပြောပါတယ်။
လိုင်းကားတွေ ပြန်လည် ပြေးဆွဲမယ် မပြေးဆွဲဘူး ဆိုတာ တိတိကျကျ မသိရသေးဘဲ၊ အခုလိုပဲ လိုင်းကားတွေ မဆွဲဘူး ဆိုရင် အစိုးရဘက်က တစ်ခုခု စီစဉ်ပေးနိုင်မလား ဆိုတာ ရန်ကုန်မြို့ခံတွေက သိချင်နေကြတယ်လို့ ဆိုပါတယ်။


Credit To >>> ပြည်မြန်မာ News

0 comments:

Post a Comment