7.11.15

အစိုးရ၊ တပ်မတော်အနေဖြင့် တရားမျှတ လွတ်လပ်သည့် ရွေးကောက်ပွဲများ၏ ရလဒ်ကို လေးစားလိုက်နာသွားမည် ဖြစ်ပြီး ရွေးကောက်ပွဲအပြီး ကြားကာလ တည်ငြိမ်အေးချမ်းမှု ရှိစေရန် နိုင်ငံရေး အင်အားစုများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာသွားမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်ပြောကြား


အစိုးရ၊ တပ်မတော်အနေဖြင့် တရားမျှတ လွတ်လပ်သည့် ရွေးကောက်ပွဲများ၏ ရလဒ်ကို လေးစားလိုက်နာသွားမည် ဖြစ်ပြီး ရွေးကောက်ပွဲအပြီး ကြားကာလ တည်ငြိမ်အေးချမ်းမှု ရှိစေရန် နိုင်ငံရေး အင်အားစုများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာသွားမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ ၆ ရက် ညပိုင်း က ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အကြိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ရွေးကောက်ပွဲရလဒ်များနှင့်အညီ နိုင်ငံရေးအခင်းအကျင်းသစ်ကို အတူလက်တွဲ ပုံဖော်ဖန်တီး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
“ရွေးကောက်ပွဲရလဒ်များနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့ကို ကျွန်တော့်အနေနဲ့ လက်ခံသွားမှာဖြစ်ပြီး နိုင်ငံရေးအင်အားစု အသီးသီးရဲ့ခေါင်းဆောင်များအနေနဲ့လည်း လေးစားလက်ခံသွားကြမယ်လို့ ယုံကြည်ပါတယ်။ ရွေးကောက်ပွဲအပြီး ကြားကာလ တည်ငြိမ်အေးချမ်းမှု ရှိစေဖို့အတွက်လည်း နိုင်ငံရေးအင်အားစုများမှ ခေါင်းဆောင်များနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာသွားမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကလည်း ကြားကာလ တည်ငြိမ်အေးချမ်းမှုနဲ့ နိုင်ငံရေးအခင်းအကျင်းသစ်ကို ချောမွေ့ညင်သာစွာ အသွင်ကူးပြောင်းစေဖို့ များစွာအထောက်အကူပြုသွားမှာဖြစ်ပါတယ်”ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ထို့ပြင် မိမိတို့အားလုံး မျှော်မှန်းနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် မြန်မာနိုင်ငံတော်သစ်ကို တည်ဆောက်သည့်နေရာ၌ ခရီးရှည်ကြီးကို အားလုံးအတူ ဖြတ်သန်းရဦးမည်ဖြစ်ကြောင်း၊ အနာဂတ်တွင်လည်း ရွေးကောက်ပွဲပေါင်း များစွာကို ဖြတ်သန်းပြီး နိုင်ငံရေးဖြစ်ထွန်း တိုးတက်မှုအဆင့်ဆင့်ကို တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။
“ ဒီလိုအဆင့်ဆင့် တက်လှမ်းရာမှာ ယခုကျင်းပတော့မည့် သမိုင်းဝင်ရွေးကောက်ပွဲကြီးကို လွတ်လပ်ခြင်း၊ မျှတခြင်းဆိုတဲ့ ၀ိသေသတွေနဲ့ အောင်မြင်စွာ ကျင်းပနိုင်မှသာ ပြု ပြင်ပြောင်းလဲမှုများ ရှေ့ဆက်နိုင်မယ့် နိုင်ငံရေးအခင်းအကျင်းသစ်တစ်ခုကို တည်တည်ငြိမ်ငြိမ် ကူးပြောင်းနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလို မြန်မာနိုင်ငံအနာဂတ်အတွက် အရေးကြီးပြီး ကမ္ဘာကြီးကလည်း စောင့်ကြည့်နေတဲ့ ရွေးကောက်ပွဲကြီးမှာ နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ အမြော်အမြင်ရှိရှိ၊ သဘောထားကြီးကြီးနဲ့ နိုင်ငံရေး ရွေးချယ်မှုများ ပြုလုပ်ဖို့နဲ့ ပြည်သူများမှလည်း မိမိတို့ရဲ့ ဆန္ဒမဲတစ်ပြားကို လွတ်လပ်စွာ ဆန္ဒပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်”ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
လာမည့်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် အရှိန်မြှင့်ရှေ့ဆက်နိုင်ရန် အရေးကြီးသည့်သမိုင်းဝင် ခြေလှမ်းတစ်ခုဖြစ်ကြောင်း၊ မဲဆွယ်စည်းရုံးရေး ကာလများတွင် ဥပဒေ၊ နည်းဥပဒေများ၊ ကျင့်ဝတ်စည်းကမ်းများကို လေးစားလိုက်နာပြီး မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့ကြသည့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများကို ၀မ်းမြောက်ဂုဏ်ယူကြောင်းပြောလိုကြောင်း၊ ထို့အတူ ပြည်သူများအနေနှင့်လည်း ကိုယ်ထောက်ခံအားပေးသည့် ပါတီများ၊ ကိုယ်စားလှယ်လောင်းများကို ငြိမ်းငြိမ်းချမ်းချမ်း ထောက်ခံအားပေးခဲ့ကြသည့်အတွက် ၀မ်းမြောက်ဂုဏ်ယူကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
“ကျွန်တော်တို့အနေနဲ့ လက်ရှိအနေအထားကို ရောက်ရှိဖို့ ခက်ခဲတဲ့ သမိုင်းဖြတ်သန်းမှုများကို ကျော်လွှားရင်ဆိုင်ခဲ့ရပါတယ်။ ဒီလို ရွေးကောက်ပွဲကြီးကို ကျင်းပနိုင်ဖို့ ဆိုတာဟာ အလွယ်တကူရရှိလာတဲ့အခြေအနေ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံရဲ့ ကံကြမ္မာကို ပြဋ္ဌာန်းသတ်မှတ်တဲ့ ရွေးကောက်ပွဲတွေ၊ အထူးသဖြင့် ယခု အပြောင်းအလဲကာလအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲမျိုးမှာ မဲဆန္ဒရှင် ပြည်သူများအားလုံး မဲပေးကြဖို့ ကျွန်တော့်အနေနဲ့ လေးလေးနက်နက် တိုက်တွန်းလိုပါတယ်” ဟု သမ္မတဦးသိန်းစိန် က ပြောကြားသည်။
ထို့အတူ အစိုးရအနေဖြင့်လည်း တပ်မတော်သားများ၊ ပြည်သူ့ဝန်ထမ်းများ အပါအ၀င် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူတစ်ယောက်စီတိုင်း လွတ်လပ်စွာမဲပေးခွင့်ရရန် ကြိုးပမ်းဆောင်ရွက်ထားကြောင်း သမ္မတက ပြောကြားသည်။
ထို့ပြင် မဲစာရင်းတွင် လိုအပ်ချက်များ ရှိနေသော်လည်း ရွေးကောက်ပွဲနေ့တွင် မဲပေးခွင့် မဆုံးရှုံးစေရန် စီစဉ်ဆောင်ရွက်ထားကြောင်း ရွေးကောက်ပွဲကော်မရှင် က ကြေညာထားပြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မိမိတို့၏ ဆန္ဒမဲများကို ထိရောက်မှုရှိစေရန် ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော နည်းလမ်းတကျ မဲပေးနည်းအဆင့်ဆင့်ကို ဂရုတစိုက်လိုက်နာကျင့်သုံးကြရန် သမ္မတက တိုက်တွန်း ပြောကြားသည်။
 
 
Credit To >>>> Eleven Media Group

0 comments:

Post a Comment