25.11.15

Debit ကတ် ၊ Credit ကတ်များဖြင့် ငွေပေးချေရာတွင် ရောင်းချသည့် လုပ်ငန်းရှင်က ကတ်ကုမ္ပဏီကို ၀ ဒသမ ၆ ရာခိုင်နှုန်းအထိ ပေးရသဖြင့် ကတ်စနစ်ဖြင့် ငွေပေးချေမှုကို လျှော့ချပေးရေး ဆွေးနွေးမည်

မြန်မာနိုင်ငံတွင် အသုံးပြုလာနေပြီ ဖြစ်သည့်  Debit ကတ်များ Credit ကတ်များဖြင့် ၀ယ်ယူသူများက  ငွေပေးချေရာတွင် ကတ်ထုတ်လုပ်သည့် ကုမ္ပဏီကို ရောင်းချသည့် လုပ်ငန်းရှင်က ၀ ဒသမ ၆ ရာခိုင်နှုန်း ပေးချေရသဖြင့် လုပ်ငန်းရှင်များက အဆိုပါရာခိုင်နှုန်းကို ပေးချေလိုစိတ် မရှိသည့်အတွက် ကတ်ဖြင့် သုံးစွဲမှု တွင်ကျယ်မလာဘဲ ငွေသား ကိုင်ဆောင် အသုံးပြုမှုသာ တွင်ကျယ်နေသဖြင့် အဆိုပါ ၀ ဒသမ၆ ရာခိုင်နှုန်းကို လျှော့ချပေးနိုင်ရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ            ဦးဆက်အောင်က ပြောကြားသည်။
“စားသောက်ဆိုင်ကို ကတ်နဲ့ရှင်းမယ်ဆို စားသောက်ဆိုင်ပိုင်ရှင်က ကတ်ကုမ္ပဏီကို ၀ ဒသမ ၆ ရာခိုင်နှုန်းပေးရတယ်။ ဒီတော့ စားသောက်ဆိုင်ပိုင်ရှင်က ကတ်နဲ့ငွေပေးချေတာကို လက်မခံချင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီ ၀ ဒသမ ၆ ရာခိုင်နှုန်းကို မပေးချင်လို့ပါ။ ဒါက မြန်မာနိုင်ငံမှာ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေဆို ၂ ရာခိုင်နှုန်းကနေ ၃ ရာ ခိုင်နှုန်းအထိ ပေးရပါတယ်။ ဒီမှာတော့ လုပ်ငန်းရှင်တွေက ကတ်နဲ့ငွေချေတာကို လက်ခံလိုက်ရင် ၀ ဒသမ ၆ ရာခိုင်နှုန်း ပေးရမှာကြောက်လို့ လက်မခံတော့ ကတ်စနစ်က တွင်ကျယ်မလာဘူး။ ကျွန်တော်တို့အနေနဲ့ ကတ်စနစ်တွင်ကျယ်လာဖို့ ဒီ ၀ဒသမ ၆ ရာခိုင်နှုန်းကို လျှော့ချပေးဖို့ ညှိနှိုင်းသွားမယ်”ဟု ဦးဆက်အောင်က ဆိုသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအတွင်း၌  Debit ကတ်များ Credit ကတ်များ သုံးစွဲလာနေပြီး ပြည်တွင်း၌မူ Prepaid များကို အသုံးပြုမှုသာ တွင်ကျယ်နေသည်။ အဆိုပါ ကတ်အသုံးပြုမှုသာ တွင်ကျယ်လာပါက မြန်မာနိုင်ငံသားများ အနေ ဖြင့် ပြည်တွင်းသာမက ပြည်ပ၌ပါ ကျပ်ငွေကို သုံးစွဲလာနိုင်မည့် အခြေအနေ ဖြစ်လာမည်ဖြစ်ကြောင်း ဦးဆက်အောင်က ဆက်လက် ရှင်းလင်းသည်။

၎င်း၏ ရှင်းလင်းချက်အရ ဂျပန်နိုင်ငံသား တစ်ယောက်သည် အမေရိကန်နိုင်ငံသို့ ရောက်ရှိလာချိန်တွင် ၎င်း၏ ငွေကတ်အတွင်း၌ ဂျပန်ယန်းငွေသာ ပါဝင်လာမည်ဖြစ်ပြီး ၎င်း၏ အမေရိကန်နိုင်ငံတွင်  ဒေါ်လာဖြင့် သုံးစွဲမှုများအတွက် ယင်း၏ မိခင်နိုင်ငံ ငွေကြေးဖြစ်သည့် ဂျပန်ယန်းငွေမှသာ ဖြတ်တောက်သွားမည် ဖြစ်သည်။ အလားတူပင် မြန်မာနိုင်ငံအတွင်း ငွေထုပ်ပိုက်၍ လာရောက်သည့် နိုင်ငံခြားသားမှာလည်း ယနေ့ခေတ်တွင် ရှိမနေတော့ဘဲ ၎င်းတို့၏ ငွေကတ်တွင် ဒေါ်လာသာ ထည့်ယူလာခဲ့သည်။ ထိုသို့ ဒေါ်လာထည့် ယူလာသည့်အတွက် မြန်မာကျပ်ငွေကို ထုတ်လဲရန် လိုအပ်မည်မဟုတ်ဘဲ ယင်း၏ မြန်မာနိုင်ငံအတွင်း သုံးစွဲမှုများကို ကျပ်ငွေဖြင့်သာ ကိုယ်စားပြု ဖြတ်တောက်သွားမည် ဖြစ်သည်ဟု ဦးဆက်အောင်က ဆိုသည်။ ထိုသို့သော အခြေအနေများအရ Debit ကတ်များ Credit ကတ်များကို ကိုင်ဆောင်လာသည့် မြန်မာနိုင်ငံသားများ အနေဖြင့်လည်း ကျပ်ငွေထည့်ထားရုံဖြင့် ရောက်ရှိသည့် နိုင်ငံအလိုက် ငွေကြေးဖြင့် အလိုအလျောက် တန်ဖိုးသင့် သုံးစွဲသွားနိုင်မည်ဟု ဦးဆက်အောင်က ဆိုသည်။ သို့သော် ပြည်တွင်း၌ လက်ရှိသုံးစွဲနေသည့်  Prepaid Card များဖြင့်သာ ပြည်ပသို့ သွားမည်ဆိုပါက ပြည်တွင်း၌ပင် ဒေါ်လာဝယ်၍ ထည့်သွား ရမည်ဖြစ်ကြောင်း ဦးဆက်အောင်က ဆက်လက် ရှင်းလင်းသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံတွင် အသုံးပြုသည့် လုပ်ငန်းရှင်များက ယင်းတို့၏ ဒေါ်လာ လက်ခံလဲလှယ်သည့် စက်များကို အမေရိကန် ဒေါ်လာတစ်ခုသာ ဖတ်နိုင်သည့် Software ထည့်ထားသဖြင့် ဒေါ်လာတစ်ခုသာ ယင်းတို့၏ Point of Sales Terminal များက ဖတ်နိုင်သည့် အခြေအနေ ဖြစ်ကြောင်းနှင့် အဆိုပါ အခြေအနေအတွက် မြန်မာကျပ်ငွေနှင့် ဒေါ်လာ နှစ်ခုစလုံး ဖတ်နိုင်သည့်  Software အဖြစ် ပြန်လည်ပြောင်းလဲရုံ နှင့် အမေရိကန်ဒေါ်လာသာ ထည့်သွင်းထားသည့် နိုင်ငံခြားသားများအတွက် အဆင် ပြေသွားမည်ဖြစ်ကြောင်း ဦးဆက်အောင်က ဆက်လက် ပြောကြားသည်။ 

Credit To >>> Myanmar Breaking News

0 comments:

Post a Comment