25.11.15

ဘိန်းနှင့်ဆင်တူသော ဆေးများ ဆေးလွန်ခြင်း ကုသနိုင်မည့် ပထမဆုံးရှူဆေးကို FDA ထောက်ခံချက်ပေး


ဘိန်းနှင့်ဆင်တူသောဆေးများအလွန်အကျွံသုံးစွဲခြင်းကိုကုသနိုင်မည့်ပထမဆုံးရှူဆေးကိုအမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA)က ထောက်ခံချက်ပေးခဲ့သည်။အိုင်ယာလန်နိုင်ငံအခြေစိုက်Adapt ဆေးဝါးကုမ္ပဏီကထုတ်လုပ်မည့်Narcan ရှူဆေးသည်ဘိန်းနှင့်ဆင်တူသောဆေးများအလွန်အကျွံသုံးစွဲခြင်းအတွက်အသုံးပြုသောအဆိပ်ဖြေဆေးဖြစ်သည်။ ယင်းသို့ ဆေးလွန်မှုအတွက် ဖြေဆေးအနေဖြင့် စားဆေး၊ ထိုးဆေးပုံစံများကိုသာ ယခင်ကအသုံးပြုခဲ့သည်။

ဘိန်းနှင့်ဆင်တူသော ဆေးများအလွန်အကျွံသုံးစွဲခြင်းကြောင့် ၂၀၁၃ တွင် အမေရိကန်နိုင်ငံ၌ လူ ၂၃,၅၀၀ ခန့်သေဆုံးခဲ့၍ နှစ်ပေါင်း ၁၅ နှစ်ခန့်အတွင်း သေဆုံးသူဦးရေ လေးဆခန့်မြင့် တက်လာခြင်းဖြစ်သည်ဟု ရောဂါ ထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဌာနက ပြောသည်။
  
ဘိန်းနှင့်ဆင်တူသော ဆေးများ အလွန်အကျွံသုံးစွဲမှု တိုက်ဖျက်ရေးသည် FDA ၏ ထိပ်တန်းဦးစားပေးကိစ္စဖြစ်သည်ဟု FDA ဌာနမှ ဒေါက်တာစတီဖင်အော့စထရော့ဖ်က ပြောသည်။ FDA မှ တရားဝင်ထောက်ခံချက် ရရှိထားသော မော်ဖိန်းဖြေဆေး Narcan ရှူဆေးကို လာမည့်ဇန်နဝါရီတွင် စတင်ဖြန့်ချိမည်ဟု Adapt အကြီးအကဲက ပြောသည်။
  
ဘိန်းနှင့်ဆင်တူသော ဆေးများအလွန်အကျွံသုံးစွဲထားသော လူနာလဲလျောင်းနေစဉ် ၎င်း၏ နှာခေါင်းပေါက်ထဲသို့ Narcan ဆေးဖျန်းထည့်ပေးခြင်းဖြင့် ဆေးလွန်မှုမှာ မိနစ်အနည်းငယ်အတွင်း သက်သာသွားနိုင်သည်။
  
ယင်းသို့သော ဆေးလွန်မှုများအတွက် ဖြေဆေးအနေဖြင့် ထုတ်လုပ်ထားသော ထိုးဆေးများ၏ တန်ဖိုးမှာ ကန် ၇၅ ဒေါ်လာမှ ဒေါ်လာ ၁၀၀ ကြားရှိသော်လည်း Narcan ရှူဆေးမှာ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ စာသင် ကျောင်းများ အပါအဝင် အသင်းအဖွဲ့ဝယ်ယူမှုများအတွက် လျှော့ဈေးအနေဖြင့် ကန်ဒေါ်လာ ၃၇ ဒသမ ၅၀ သာရှိမည်ဟု Adapt အကြီးအကဲက ပြောသည်။
  
Narcan ရှူဆေးသည် အမေရိကန်တစ်နိုင်ငံတည်း၌ပင်လျှင် နှစ်စဉ်ရောင်းရငွေ ကန်ဒေါ်လာ ၂၅ သန်းရှိနိုင်သည်ဟု ဝေါလ်စထရိသတင်းမှ ဆန်းစစ်လေ့လာသူများက ခန့်မှန်းထားသည်။

Credit TO >>> 7Day News 

0 comments:

Post a Comment