18.12.15

လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းနံဘေး စိုက်ပျိုးရေး ဦးစီးဌာနပိုင် မြေပေါ်ရှိ ကျူးကျော်နေအိမ် ၅၀၀၀ ကျော်ကို ဘက်ဟိုးယာဉ်များဖြင့် ဖျက်သိမ်း


လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းနံဘေး စိုက်ပျိုးရေး ဦးစီးဌာနပိုင် မြေပေါ်ရှိ ကျူးကျော်နေအိမ် ၅၀၀၀ ကျော်ကို သက်ဆိုင်ရာက လူအင်အား ၁၀၀၀ ကျော် အပါအ၀င် ဘက်ဟိုးယာဉ်များဖြင့် ဒီဇင်ဘာ ၁၇ ရက် နံနက် ၅ နာရီ ၀န်းကျင်က ဖျက်သိမ်းရှင်းလင်းခဲ့ကြောင်း သာယာကုန်း ကျေးရွာအုပ်စု ကျောက်အိုင်ကျေးရွာ နေထိုင်သူများက ပြောကြားသည်။

လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း ၃ မိုင် ၂ ဖာလုံဘေးရှိ စခမ်းကြီး ကျေးရွာအုပ်စု ကွင်းအမှတ်  (၉၇၈) ကံ့ကော်ကျွန်းကွင်းနှင့် ကွင်းအမှတ် (၉၈၉) ဘံဘွေး ကုန်းအတွင်းရှိ မြေဧရိယာ (၉၃၈.၉၃ ဧက) နှင့် ကွင်းအမှတ် (၉၈၉) ဘံဘွေးကုန်းကွင်းနှင့် သာယာကုန်း ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၉၈၂) ပဒဲကောမြောက် ကွင်းအတွင်းရှိ မြေဧရိယာ (၆၆၉.၈၉ ဧက) ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနပိုင် မြေဧရိယာ စုစုပေါင်း (၁၆၀၈.၂ ဧက) ပေါ်တို့တွင် မြေကွက် ဖော်ထားခြင်းများနှင့် တဲထိုးခြင်းများ ဆောက်နေမှုကို  ဒီဇင်ဘာ ၁၁ ရက်က စိုက်ပျိုးရေး ဦးစီးဌာနက အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။
ထို့သို အကြောင်းကြားစာ ပေးပို့ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၇ ရက်၊ နံနက် ၅ နာရီဝန်းကျင်က ရဲတပ်ဖွဲ့အင်အား  ၁၀၀ ကျော်အပါအ၀င် လူအင်အား ၁၀၀၀ ခန့်ဖြင့် ဘက်ဟိုးယာဉ် အစီး ၂၀ ကျော် အသုံးပြုကာ လာရောက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“မနက် ၅ နာရီလောက် အင်အား ၁၀၀၀ ကျော်လောက်နဲ့ လာဖျက်တယ်။ ဘက်ဟိုး ကားတွေလည်း အများကြီး ပါလာတယ်။ ဒီမှာ နေတဲ့သူတွေက ညကတည်းက မနေရဲလို့ ပစ္စည်းတွေသိမ်းပြီး ပြေးကုန်ပြီ။ အများစုက အင်းစိန်၊ မှော်ဘီ၊ ဧရာဝတီတိုင်းကလူတွေ လာရောက် နေထိုင်တာများတယ်။ မိုးကုန်ပြီး ကတည်းက လာရောက် နေထိုင်ကြတာ” ဟု သာယာကုန်း ကျေးရွာအုပ်စု ကျောက်အိုင်ကျေးရွာ နေထိုင်သူ ဒေါ်အုန်းဌေးက ပြောကြားသည်။
“အစ်မက မှော်ဘီမှာ နေထိုင်တာပါ။ ဒီဘက်မှာ မြေကွက်တွေ ဈေးသက်သာတယ်လို့ အသိတွေက ပြောလို့ ၀ယ်လိုက်မိတာပါ။ ၀ယ်တုန်းက မြေကွက် တစ်ကွက်ကို ၃၂ သိန်း ပေးရတယ်။ အစ်မကို ရောင်းတဲ့သူက ငြိမ်းချမ်းရေး ယူထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုက ဗိုလ်မှူးစောသာဂဲလ်လို့ ၀ယ်တုန်းက စလစ်မှာပါလို့ သိရတယ်။ အဲဒီစလစ်ထဲမှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ အိုးအိမ်မြေနေရာ ချထားရေး ကော်မတီ (ရန်ကုန်တိုင်း) လို့ ပါတယ်။ နောက်ပြီးတော့ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရာလိပ်စာလို့ အဲဒီအထဲမှာ ပါတယ်။ ၀ယ်တုန်းက အဲဒီမှာ ဆိုင်းဘုတ်တွေလည်း ထောင်ထားတော့ အယုံလွယ်ပြီး ၀ယ်လိုက်မိပါတယ်” ဟု ကံ့ကော်ကျွန်းကွင်း၌ မြေကွက်ဝယ်ထားသူ ဒေါ်သီတာက ပြောကြားသည်။
ယင်းမြေကွက်များပေါ်မှ တချို့ တစ်ဝက်မှာ KNU/KNLA(PC) က ပိုင်ဆိုင်သည် ဟုဆိုကာ  လာရောက် ရောင်းချထားမှုများ ရှိခဲ့ပြီး ယခုဖျက်ဆီးခဲ့သည့် မြေနေရာများတွင် အဆိုပါ မြေကွက်များလည်း ပါရှိကြောင်း ကံ့ကော်ကျွန်းကွင်း နေထိုင်သူများက ပြောကြားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment