18.12.15

ထိုင်ဝမ်ကို ဒေါ်လာ ၁ ဒသမ ၈၃ ဘီလျံတန်ဖိုးရှိသော လက်နက်များ ရောင်းချရန် အမေရိကန်၏ ကြေညာမှုကို တရုတ်က ဒေါသထွက်


ထိုင်ဝမ်ကို ဒေါ်လာ ၁ ဒသမ ၈၃ ဘီလျံ တန်ဖိုးရှိသော လက်နက်များ ရောင်းချမည် ဖြစ်ကြောင်း အမေရိကန်က ဒီဇင်ဘာ ၁၆ ရက်တွင် ကြေညာခဲ့ရာ တရုတ်က ဒေါသတကြီး တုံ့ပြန်ခဲ့သည်။ ကိုယ်ပိုင်အချုပ်အခြာဖြင့် ရပ်တည်နေသော ထိုင်ဝမ်ကျွန်းကို လေးနှစ်အတွင်း ပထမဆုံးအကြိမ် လက်နက်များ ရောင်းချရန် အမေရိကန်က ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး တရုတ်နှင့်ထိုင်ဝမ်တို့က ပြန်လည်ရင်ကြားစေ့ရေးအတွက် ကြိုးပမ်းနေချိန်တွင် ယင်းကမ်းလှမ်းမှုများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်လာ ၁ ဒသမ ၈၃ ဘီလျံ တန်ဖိုးရှိသော ကာကွယ်ရေးလက်နက် အရောင်းအ၀ယ် သဘောတူညီချက်တွင် Perry-class ဖရီးဂိတ် သင်္ဘောနှစ်စင်း၊ Javelin တင့်ဖျက် ဒုံးပျံများ၊ TOW2B တင့်ဖျက်ဒုံးပျံများ၊ ကမ်းတက် တိုက်ခိုက်ရေးရေယာဉ် AAV-7 များနှင့် အခြားစစ်လက်နက် ကိရိယာများ ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေးဗစ်မက်ကီဘီက ပြောကြားခဲ့သည်။ အမေရိကန် ကွန်ဂရက်က ယင်းအရောင်းအ၀ယ်ကို ရက် ၃၀ အတွင်း ကန့်ကွက်ခြင်း မရှိလျှင် သဘောတူသည်ဟု သတ်မှတ်နိုင်မည် ဖြစ်သည်။
ထိုင်ဝမ်ကို တရုတ်၏ နယ်မြေပိုင်နက် တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ထားသော တရုတ်က ထိုင်ဝမ်ကျွန်းဆွယ် ဖြတ်ကျော် ဆက်ဆံရေး ထိခိုက်မှုကို ရှောင်ရှားရန်အတွက် ယင်းအရောင်းအ၀ယ် သဘောတူညီချက်အား ဖျက်သိမ်းရန် တောင်းဆိုခဲ့သည်။ တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကျန်ကျဲကွမ်က အမေရိကန်၏ ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုကို ဆန့်ကျင်ကြောင်း ပေကျင်းတွင် အမေရိကန်၏ ဒုတိယအဆင့်မြင့်ဆုံး သံတမန်နှင့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ အမေရိကန်သည် ၂၀၁၀ ပြည့်နှစ်က ထိုင်ဝမ်ကို ဒေါ်လာ ၁၂ ဘီလျံကျော် တန်ဖိုးရှိသော လက်နက်များ ရောင်းချခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ထိုင်ဝမ်၏ F-16 တိုက်လေယာဉ်များ အဆင့်မြှင့်တင်ရေး အတွက် ဒေါ်လာ ၅ ဒသမ ၉ ဘီလျံ တန်ဖိုးရှိသော သဘောတူညီချက်ကို ရရှိခဲ့သည်။ ယင်းအရောင်းအ၀ယ် များကြောင့် တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး အမေရိကန်နှင့် နှစ်နိုင်ငံစစ်ဘက် ဖလှယ်ရေး အစီအစဉ်များကို ဆိုင်းငံ့ခဲ့သည်။ ၁၉၇၉ ထိုင်ဝမ်ဆက်ဆံရေး အက်ဥပဒေအရ အမေရိကန်သည် ထိုင်ဝမ်၏ ခုခံကာကွယ် နိုင်စွမ်းအတွက် ထိရောက်သော လက်နက် ပံ့ပိုးပေးမှုများ ဆောင်ရွက်ပေးရန် ကတိပြုထားသည့်အတိုင်း လက်နက်ရောင်းချမှုကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေးဗစ်မက်ကီဘီက ပြောကြားခဲ့သည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment