18.12.15

မြိတ်ကျွန်းစုရှိ သဘာဝအတိုင်း တည်ရှိနေသော ကျွန်းများသို့ အပန်းဖြေခရီး သွားရောက်မှု မြင့်တက်


မြိတ်ကျွန်းစုအတွင်းရှိ သဘာဝအတိုင်း တည်ရှိနေသော ကျွန်းများသို့ အပန်းဖြေခရီး သွားရောက်မှု ပိုမိုများပြားလာနေပြီး ပြည်တွင်းခရီးသွားများအပြင် ပြည်ပခရီးသွားများလည်း လာရောက် အပန်းဖြေလျက်ရှိကြောင်း သိရသည်။

ရေပေါ်ရေအောက် အလှအပများနှင့် ပြည့်စုံသည့် ကျွန်းများမှာ မြိတ်မြို့နှင့် အနည်းငယ် ကွာဝေးသည့် နေရာတွင်ရှိပြီး အဆိုပါ ကျွန်းများသို့ ယခုနှစ်အပိုင်းအတွင်း ခရီးသွားများ လာရောက်လည်ပတ်မှု ပိုမိုများပြားလာခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီနှစ်ထဲမှာ ကျွန်းတွေကို သွားရောက် အပန်းဖြေတာ ပိုများလာတယ်။ နိုင်ငံခြားခရီး သွားတွေကိုလည်း နေ့ချင်းပြန်ခရီး ခွင့်ပြုလိုက်တဲ့ အတွက်လည်း ကျွန်းတွေကို ပို့ဆောင်ပေးရတဲ့ ခရီးသွားလုပ်ငန်းတွေလည်း အနည်းငယ် ခေါင်းထောင်လာစ ပြုလာပြီ။ ဒါပေမဲ့ လှပတဲ့ကျွန်းတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့လည်း လိုမယ်။ ခရီးသွားလုပ်ငန်းက အမြတ်စွန်းတစ်ခုတည်းကို ကြည့်ပြီး လုပ်လို့ရတဲ့ လုပ်ငန်းမဟုတ်ဘူး။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအပိုင်း တွေကိုလည်း ထည့်တွက်ထားရတယ်။ နိုင်ငံခြားသား ခရီးသွားတွေက ကျွန်းတွေပေါ်မှာ စီမံကိန်းတွေ လုပ်တာထက် သဘာဝအတိုင်း သန့်ရှင်းတဲ့ ကျွန်းတွေကို ပိုစိတ်ဝင်စားကြတယ်” ဟု Myeik Golden Tree Travel & Tour Co., Ltd. မှ ဒါရိုက်တာ ဦးရဲဇွန်နိုင်က ဆိုသည်။
မြိတ်ကျွန်းစုအတွင်း လက်ရှိ ခရီးသွား ကုမ္ပဏီ ၂၇ ခုရှိပြီး မြိတ်မြို့တွင် ခရီးသွားကုမ္ပဏီ ခြောက်ခုရှိကာ ၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခုနှစ်ပိုင်းအတွင်း ကြက်မောက်ကျွန်းအား ခရီးသွား စိတ်ဝင်စားမှု မြင့်တက်လာရာမှ ယခုအခါ ပြည်တွင်း၊ ပြည်ပ ခရီးသွားများမှာ မြိတ်ကျွန်းစုအတွင်းသို့ လာရောက် လည်ပတ်ရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။
ကျွန်းစုမြို့နယ် အတွင်းရှိ  Harris Island၊ Mergui Island၊ နတ်သမီးရေတွင်းကျွန်း၊ စောမွန်လှကျွန်းများမှာ ထင်ရှားလာပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ယခုနှစ်အတွင်း ကျွန်းစုမြို့နယ် အတွင်းသို့ နိုင်ငံခြားသားများအား နေ့ချင်းပြန်ခရီး သွားရောက်လည်ပတ်ခွင့် ပေးခဲ့ကြောင်း သိရသည်။
နေ့ချင်းပြန် ခရီးစဉ်အဖြစ် ဒုံးရေတံခွန်၊ ဒုံးညောင်မှိုင်း (ဆလုံတိုင်းရင်းသားများ နေထိုင်) ကျွန်း၊ ရေပြည့်အော်၊ ဒဟွန်းကျွန်းများသို့ သွားလည်ပတ်နိုင်ကြောင်း သိရသည်။
“ကျွန်းတွေကို ဒီနှစ်ကုန်ပိုင်းလောက်မှာ ခရီးသွားကုမ္ပဏီတချို့က ပြည်တွင်း ခရီးသွားတွေကို ဈေးပေါပေါနဲ့ ပို့ဆောင်လာကြတာ တွေ့ရတယ်။ ဈေးသက်သာတာ တစ်ခုတည်း အတွက်က ကောင်းပါတယ်။ ကျွန်းတွေ ရေရှည်တည်တံ့ဖို့ အတွက်လည်း ကြည့်ရမှာပါ။ လိုင်စင်တွေနှင့် ၀န်ဆောင်မှုကောင်းကောင်း ဆောင်ရွက်တာကို ကျွန်တော်တို့ ပိုကြိုက်ပါတယ်။ အမြတ်အစွန်း တစ်ခုတည်းအတွက် လုပ်နေတာထက် မြိတ်ကျွန်းစုရဲ့ သဘာဝအလှအပတွေ ရေရှည်တည်တံ့အောင်လည်း လုပ်ဆောင်ကြဖို့ လိုလိမ့်မယ်” ဟု  မြိတ်ဒေသခံ တစ်ဦးက ပြောကြားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment