25.3.16

နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော ပရိဘောဂပစ္စည်းများ ဝန်ကြီးအသစ်များထံ တာဝန်လွှဲရာတွင် ပါဝင်မည်မဟုတ်ဟုဆို

နိုင်ငံတော်သမ္မ ဦးသိန်းစိန် အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးများသည် ၎င်းတို့ အိမ်ရာများရှိ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော ပရိဘောဂပစ္စည်းများကို ဝန်ကြီးသက်တမ်း ကုန်ဆုံးချိန် တွင် တစ်ပါတည်း ယူဆောင်သွားမည်ဖြစ်သောကြောင့် အစိုးရသစ်၏ ဝန်ကြီးများထံ တာဝန်လွှဲပြောင်းရာတွင် ယင်းပစ္စည်များပါဝင်မည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

အစိုးရသစ်၏ဝန်ကြီးများထံ တာဝန်လွှဲပြောင်းပြီးနောက် ဝန်ကြီးအသစ်များ နေထိုင်ရမည့် အိမ်ရာများတွင် ပရိဘောဂပစ္စည်းများ မပါဝင်ခြင်းအပေါ် ဝေဖန်မှုများနှင့် ပတ်သက်ပြီး မတ်လ၂၄ ရက်နေ့က ဦးရဲထွဋ်၏ လူမှုကွန်ရက် စာမျက်နှာတွင် ယင်းသို့ ရေးသားထားခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ဝန်ကြီးများ၏ အိမ်ရာများတွင်ထားရှိမည့် ပရိဘောဂများဝယ်ယူရန်အတွက် အစိုးရအဖွဲ့က ဝန်ကြီးတစ်ဦးလျှင် နိုင်ငံတော်ဘဏ္ဍာငွေကျပ် သိန်း ၃ဝ ထုတ်ပေးခဲ့ခြင်းဖြစ်သောကြောင့် ယင်းဝန်ကြီများက တာဝန်ကုန်ဆုံးချိန်တွင် တစ်ပါတည်း ယူဆောင်သွားခြင်းဖြစ်ကြောင်း ဦးရဲထွဋ်ကဆိုသည်။
“ဝန်ကြီး၊ ဒုဝန်ကြီး တာဝန်ပြီးရင် မိမိကို ခွင့်ပြုငွေနဲ့ ဝယ်ထားတဲ့ပရိဘောဂများကို ယူသွားပြီး အိမ်ကို မူလအတိုင်း ပြန်လွှဲ ပေးရပါတယ်။ ကိုယ်စိုက်ခဲ့တဲ့ ပန်းပင် ရွှေ့လို့ရရင် ရွှေ့ယူမှာပေါ့။ နိုင်ငံတော်က စိုက်ပေးထားတာမှ မဟုတ်တာ။ နောက်ဝန်ကြီး၊ဒုဝန်ကြီးအသစ်တွေအတွက် အိမ်ပေးတဲ့အခါ ပရိဘောဂ စရိတ် သိန်းသုံးဆယ်ထပ်ပြီး ထုတ်ပေးပါတယ်။ အခု အစိုးရသစ် ဝန်ကြီး၊ ဒုဝန်ကြီးများအတွက်လည်း အဲဒီလိုပေးနိုင်ဖို့ ဘတ်ဂျက်လျာထားပြီး ဖြစ်ပါတယ်” ဟု ဦးရဲထွဋ်၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
ယင်းကြောင့် ဝန်ကြီးအသစ်များ နေထိုင်ရမည့်အိမ်ရာများတွင် အဲယားကွန်းတစ်လုံးနှင့် ရေ၊ မီး စနစ်သာ ပါရှိမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးထံမှသိရသည်။
အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးသည် နိုင်ငံတော် တာဝန်များထမ်းဆောင်နေရချိန်တွင် ၎င်းကို နိုင်ငံတော် ဘဏ္ဍာငွေဖြင့် ထောက်ပံ့ပေးခဲ့သော်လည်း တာဝန်ကုန်ဆုံးချိန်တွင် ယင်းထောက်ပံ့ထားသည့်ပစ္စည်းများကို ယူဆောင်သွားခြင်းဆိုသည်မှာ မဖြစ်သင့်ကြောင်း NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။
“ကျွန်တော်တို့က ကိုယ်ရတာ မရတာကို ပြောချင်တာထက်၊ လုပ်ပုံလုပ်နည်းမှားနေတာကို ထောက်ပြချင်တာပါ၊ တာဝန်မထမ်းဆောင်တော့ရင် နိုင်ငံတော်က ပေးထားတဲ့ဟာကို ပြန်ပေးခဲ့ရမှာပေါ့”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ပြည်ထောင်စုလွှတ်တော်အတွင်း NLD ပါတီမှ တင်မြှောက်ထားသော နိုင်ငံတော်သမ္မတ အသစ်နှင့် ပြည်ထောင်စု ဝန်ကြီး အသစ် ၁၈ ဦးကို ရွေးချယ် အတည်ပြုထားပြီး မတ်လ ၃၁ ရက်နေ့ တွင် နိုင်ငံတော်သမ္မတ အကြီးအကဲ တာဝန်လွှဲပြောင်းခြင်း အခမ်းအနားကို နိုင်ငံတော်သမ္မတ အိမ်တော်အတွင်း ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment