25.3.16

JICA နှင့်အကောင်အထည်ဖော်မည့် မြို့ပြစီမံကိန်းအရ ခုံးကျော်တံတားများ ပြန်ဖျက်ရမည်ဖြစ်၍ ထပ်မဆောက်ရန် ကန့်ကွက်

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်းဆောင်ရွက်မည့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းကို အကော်အထည်ဖော်ပါက ရန်ကုန်မြို့တွင်းရှိ ခုံးကျော်တံတားများကို ပြန်ဖျက်ရမည်ဖြစ်သဖြင့် ခုံးကျော်တံတားများ ထပ်မဆောက်ရန် ကန့်ကွက် ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

ယနေ့ (မတ်လ ၂၄ရက်) ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ဒေသန္တရစီမံကိန်း ဥပဒေကြမ်းတွင် ပါဝင်သည့် ခုံးကျော်တံတားနှစ်စင်း ထပ်မံဆောက်လုပ်မည့်ကိစ္စကို ပြန်လည်သုံးသပ် သင့်ကြောင်း ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
JICA ၏ စီမံကိန်းအရ ရန်ကုန်မြို့တွင်း နှစ်ထပ်လမ်းများ ဖောက်လုပ်အကောင်အထည်ဖော်ပါက လက်ရှိ ဆောက်လုပ်ထားသော ခုံးကျော်တံတားများအပြင် လာမည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ်မည့် ခုံးကျော်တံတားများကိုပါ ပြန်ဖျက်ရမည်ဖြစ်သည့်အတွက် ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရန် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်နိုင်ဦးက ဆိုသည်။
လာမည့်ဘဏ္ဍာနှစ်တွင် ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းဆုံ ခုံးကျော်တံတား တည်ဆောက်ရန် ငွေကျပ် ၁၅၇၅၀ သန်းနှင့် မြောက်ဥက္ကာပလမ်းဆုံတွင်တည်ဆောက်ရန် ငွေကျပ် ၁၆၄၅၀ သန်း လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်း ဆောက်လုပ်ရေးကဏ္ဍ မျှော်မှန်းချက်တွင် ဖော်ပြထားသည်။
Credit To >> > The Voice Weekly

0 comments:

Post a Comment