25.3.16

ငြိမ်းချမ်းရေး လိုချင်သည်ဆိုပါက လက်နက်ကိုင်ပဋိပက္ခကို ရပ်ဆိုင်းရမည်ဟု NLD ပါတီနာယက ဦးတင်ဦး ပြောကြား

ငြိမ်းချမ်းရေးကိုလိုချင်သည်ဆိုပါက လက်နက်ကိုင်ပဋိပက္ခကို  ရပ်ဆိုင်းရမည်ဟု NLD ပါတီနာယကဦးတင်ဦးက မတ် ၂၃ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ နှစ် (၁၄၀) ပြည့် မွေးနေ့အခမ်းအနားတွင် ပြောကြားသည်။
 
“အခုအဖွဲ့ချုပ်မှာ တာဝန်ရှိလာပြီ။ တာဝန်လွှဲပြောင်း ယူလာဖြစ်ရင်တော့ တဖြည်းဖြည်းနဲ့ အကောင်အထည်ပေါ်လာပြီ။ ဒီလကုန် ဧပြီလ နောက်ပိုင်းဆိုရင် အဖွဲ့ချုပ်က ဒီတာဝန်ကို ယူရတော့မှာဖြစ်ပါတယ်။ မူရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်က ပွင့်လင်းရိုးသားမှုရှိပြီးတော့ အပြန်အလှန်လေးစားကြဖို့၊ ပြည်သူတွေရဲ့ဆန္ဒနဲ့ အောင်မြင်သော်လည်းပဲ အောင်မြင်သူတို့ရဲ့ မာန်ကိုမထားပါဘူး။ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းမှာ အတိုက်အခံတွေဖြစ်စေ၊ သဘောထားကွဲတဲ့ သူတွေဖြစ်စေ အခုချိန်ခါမှာ တိုင်းပြည်ချစ်ကြတဲ့သူတွေပါပါတယ်။ သူတို့တွေပူးပေါင်းပါဝင်နိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ အဖွဲ့အစည်းအသီးသီးထဲမှာ တိုင်းရင်းသား ခေါင်းဆောင်ထဲက ပုဂ္ဂိုလ်တွေ၊ အတိုက်အခံဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ အပြင်ဘက်က စေတနာစိတ်ဓာတ်ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေ၊ အခြားအခြားသော ငြိမ်းချမ်းရေးအလို့ငှာဆောင်ရွက်နိုင်မယ့် တိုင်းရင်းသားတွေ အောင်မြင်ပြီလားဆိုတော့ အခု အစပျိုးတဲ့ အပိုင်းပဲရှိသေးပါတယ်။ ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင် လက်နက်ကိုင် ပဋိပက္ခကို လုံးဝဖျက်သိမ်းရပါလိမ့်မယ်။ ရပ်ဆိုင်းရပါလိမ့်မယ်။ ပြီးတော့လည်း တစ်ဖက်နဲ့တစ်ဖက် ငြိမ်းချမ်း၊ အေးချမ်းသောနည်းနဲ့ ဆက်ဆံတဲ့နေရာမှာ ပြောတဲ့ဆိုတဲ့နေရာရေးတဲ့နေရာမှာ ငြိမ်းချမ်းရေးကိုရှေးရှုတဲ့ ဆက်လက်ပြီးတော့ အကောင်အထည်ဖော်သွားမယ်ဆိုရင် တိုးတက်ကောင်းမွန်လာမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင် အရင်တုန်းကဆိုရင်တော့ သူက ဗိုလ်ချုပ်သမီးဖြစ်တဲ့အတွက် လွတ်လပ်ရေးအတွက် ဒီမိုကရေစီအရေးအတွက် ဘယ်လောက်အထိ ပါဝင်မလဲဆိုတာ ကြည့်နေရနေပြီးတော့ ပြည်သူပြည်သားတွေနဲ့တကွ ပြည်တွင်းက အင်အားစုတွေ ရော၊ ပြည်ပကပုဂ္ဂိုလ်တွေ အားလုံးကရော ဆောင်ရွက်လာတဲ့ကိစ္စအရပ်ရပ်မှာ နိုင်ငံရေးသိက္ခာဟာ အရင်နဲ့မတူတော့ဘဲ တိုးတက်လာတာကိုတွေ့ရတဲ့ ခေါင်းဆောင်မို့လို့ တိုင်းရင်းသားတွေကလည်း အရင်နဲ့စာရင် ပိုမိုပြီး သူ့အပေါ်မှာ အားပေးထောက်ခံ လာမယ်လို့ယုံကြည်ပါတယ်” ဟု ဦးတင်ဦး က ပြောကြားသည်။
 
တိုင်းပြည်အတွက် ကြိုးစားရာတွင် တစ်ယောက်တည်း၊ တစ်စုတည်း၊ တစ်ဖွဲ့တည်းက မလုပ်နိုင်ကြောင်း၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ ကြီးငယ်ကျား၊ မ မရွေး တိုင်းရင်းသားအားလုံးသည် ညီညွတ်သည့် နည်းလမ်းနှင့် လုပ်ကိုင်သွားမှသာ အောင်မြင်မည်ဖြစ်ကြောင်း ဦးတင်ဦးက ဆက်လက်ပြောကြားသည်။
 
ဆက်လက်ပြီး ဦးတင်ဦးက “ တစ်ပြည်လုံးက ငြိမ်းချမ်းချင်နေကြပါပြီ။ အေးချမ်းချင်နေကြပါပြီ။ ဒါကြောင့်မို့လို့ ကိစ္စအရပ်ရပ် ပေါ်ပေါက်လာတဲ့အတိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အားလုံးဆွေးနွေးတိုင်ပင်ပြီး ရှေ့နောင်လာနောက်သားတွေအတွက် ဆိုးရွားတဲ့ အစဉ်အလာတွေကို ဖြတ်ပြီးတော့ ဒီအချိန်က အခွင့်အရေးကောင်းဖြစ်တဲ့အတွက် အခွင့်အရေးကို တစ်ခါတည်းယူသင့်ပါတယ်” ဟု ပြောကြားသည်။
 
“ ဒီနေ့တိုင်းပြည်မှာရှိနေတဲ့ နိုင်ငံရေးအခြေအနေက မိမိတို့မျှော်လင့်ထားတဲ့ ဒီမိုကရေစီပန်းတိုင် အဆုံးထိ မရောက်သေးဘူးလို့ သိကြမယ်ထင်ပါတယ်။ အဲဒီအတွက် အောင်မြင်တဲ့ ပန်းတိုင်ရောက်ရှိဖို့အတွက် NLD အစိုးရက လွှတ်တော်အတွင်းက ဆောင်ရွက်သလို ပြည်သူတွေကလည်း ပြင်ပကနေ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီနေ့ တိုင်းပြည်မှာ ကျောင်းသားအရေး၊ တောင်သူလယ်သမားအရေး၊ ကျူးကျော်အရေးတွေ မပြီးဆုံးနိုင်သေးတဲ့ စစ်ပွဲတွေ ဖြစ်နေရခြင်း က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ဖြစ်တယ်” ဟု ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ နှစ် (၁၄၀) ပြည့် မွေးနေ့အခမ်းအနားတွင် ရွှေဝါရောင်အရေးအခင်းတွင်ပါဝင်ခဲ့သည့် ဆရာတော် ဦးစန္ဒာသီရိက မိန့်ကြားသည်။
Credit To >>> Eleven Media Group 
 

0 comments:

Post a Comment