7.4.16

ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈၊ အရေးပေါ်စီမံမှု အက်ဥပဒေတို့အား ပြန်လည်ရုပ်သိမ်းသင့်ကြောင်း လွှတ်တော်သို့ အကြံပြုထားဟု ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်ပြောကြား

ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈၊ အရေးပေါ်စီမံမှု အက်ဥပဒေတို့အား ပြန်လည်ရုပ်သိမ်းသင့်ကြောင်း လွှတ်တော်သို့ အကြံပြုထားဟု ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်က ဧပြီ ၆ ရက်တွင် ပြောကြားသည်။
တည်ဆဲဥပဒေများအနက် ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ ရုပ်သိမ်းရန်၊ အသစ်ပြန်လည် ရေးဆွဲရန် လိုအပ်သည့် ဥပဒေ ၁၄၂ ခုရှိကြောင်း သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်က လွှတ်တော်ဥက္ကဋ္ဌများထံ သုံးသပ်အကြံပြု တင်ပြထားခြင်းဖြစ်သည်။

“ငြိမ်းစုစီနဲ့ပတ်သက်လို့ ပုဒ်မ ၁၈ တို့၊ (၅) ညတို့ စသဖြင့် အဲဒါတွေကတော့ ပြန်လည်ရုပ်သိမ်းသင့်ကြောင်း အကြံပြုထားတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားအတွက် အကျိုးမဖြစ်တဲ့ ဥပဒေတွေကို ရုပ်သိမ်းသင့်ပါတယ်။
ပုဒ်မ ၁၈ လိုမျိုး၊ ပုဒ်မ ၅ (ည) လိုမျိုး၊ အရေးပေါ်စီမံမှု အက်ဥပဒေတွေလိုမျိုး အဲဒါတွေဟာ ရုပ်သိမ်းသင့်တယ်လို့ အကြံပြုထားတယ်” ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှ အဖွဲ့ဝင် ဦးစောလှထွန်းက The Daily Eleven သတင်းစာကို ပြောကြားသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၄ ခုနှစ်အတွင်းက အတည်ပြု ပြဋ္ဌာန်းထားသည်။

“လွှတ်တော်ထဲမှာ ဒီဥပဒေနဲ့ပတ်သတ်လို့ ပြန်လည်ဆွေးနွေးတဲ့ အခါကျတော့ အဲဒီ ပုဒ်မ ၁၈ ကို အန်တီတို့က ဖြုတ်ပေးဖို့အတွက် ဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ ပြင်လို့မရခဲ့ဘူး။ အခု လွှတ်တော်မှာ ဒီဥပဒေက ပြန်လည်ပြင်ဆင်ဖို့ စာရင်းထဲမှာပါတယ်။ သူရဦးရွှေမန်းတို့ ကော်မရှင်က အကြံပြုထားတဲ့ ဥပဒေ ၁၄၂ ခုထဲမှာလည်း ဒီ ဥပဒေငြိမ်းစုစီဥပဒေပြင်ဖို့ ပါတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ငြိမ်းစုစီဥပဒေနှင့် ပတ်သက်၍ “ဒါကတော့ အရင်တုန်းကတော့ ဖိနှိပ်ခဲ့တဲ့ ပုဒ်မ တစ်ခုပဲလေ။ ကျောင်းသားတွေရော ဘယ်သူပဲဖြစ်ဖြစ်ပေါ့လေ။ အားလုံးကို ဒီ ငြိမ်းစုစီဥပဒေအရပေါ့လေ။ အားလုံးကို အရေးယူနိုင်တဲ့ ပုဒ်မ ၁၈ ကတော့ အားလုံးကို ဖိနှိပ်ခဲ့ အရေးယူနိုင်တဲ့ ဥပဒေတစ်ခု၊ ပုဒ်မတစ်ခုပေါ့လေ။ ဒါပေမဲ့ ဒီအစိုးရလက်ထက်မှာတော့ အန်တီတို့က ဒီကိစ္စနဲ့ ပတ်သတ်လို့တော့ ပြန်လည်စဉ်းစားမှာပေါ့လေ။ ပြန်လည် စဉ်းစားရမယ်ဆိုတာက ပြင်ဆင်သင့်သလား။ မပြင်ဆင်သင့်ဘူးလား။ ဒါမှမဟုတ် ဒါကို ဘယ်လိုပြန်ပြင်မလဲ ဆိုတာမျိုးပေါ့လေ။ ဘယ်လိုပြန်ပြီးတော့ သုံးသပ်မလဲဆိုတာက ဒါကတော့ ဒီဟာနဲ့ ပတ်သက်တဲ့ ကော်မတီက ပြန်လည်သုံးသပ်ရမယ့် ကိစ္စပေါ့”ဟု ဒေါ်ခင်စန်းလှိုင်က ဆက်လက်ပြောကြားသည်။

တည်ဆဲဥပဒေများအနက် ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ ရုပ်သိမ်းရန်၊ အသစ်ပြန်လည် ရေးဆွဲရန် လိုအပ်ကြောင်း စိစစ်တွေ့ရှိရသည့် ဥပဒေ ၁၄၂ ခု တွေ့ရှိရပြီးဖြစ်ကာ ဆက်လက် လေ့လာဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ကြောင်း၊ တည်ဆဲဥပဒေသာရှိပြီး နည်းဥပဒေ မရှိခြင်း၊ နည်းဥပဒေရှိပြီး အမိန့်ကြေညာစာများ မထုတ်ပြန်နိုင်သေးခြင်း၊ ထုတ်ပြန်ပြီးသော အမိန့်ကြေညာစာများမှာလည်း မူလဥပဒေနှင့် ကိုက်ညီမှုမရှိခြင်း၊ လက်တွေ့လုပ်ဆောင်၍ မရခြင်းစသော ကိစ္စရပ်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က လက်ရှိ လွှတ်တော်ဥက္ကဋ္ဌများထံ သုံးသပ်အကြံပြု တင်ပြထားသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။

ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၈ ဖြင့် ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား တရားစွဲဆိုမှု အများအပြား ရှိခဲ့သည်။   
Credit To >>>  Eleven Media Groupj

0 comments:

Post a Comment