7.4.16

ပြည်နယ်အစိုးရအဖွဲ့တွင် ပါဝင်မည်ဆိုပါက ANP အမတ်ကို ပါတီမှ ထုတ်ပယ်သည်အထိ အရေးယူမည်ဟုဆို

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အဆိုပြုသော ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတာဝန်ကို ရခိုင်အမျိုးသားပါတီ(ANP) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ထမ်းဆောင်မည်ဆိုပါက ၎င်းကို ပါတီမှ ထုတ်ပယ်သည်အထိ အရေးယူမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖေသန်းကပြောကြားသည်။

ဧပြီလ ၅ ရက်နေ့ တွင်ကျင်းပသော ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးသို့ ဝန်ကြီးချုပ်က အစိုးရအဖွဲ့ဝင် ဝန်ကြီးများစာရင်းကို တင်သွင်းရာတွင် ရမ်းဗြဲမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးအဖြစ် အဆိုပြုခဲ့ခြင်းနှင့်ပတ်သက်ပြီး ၎င်းကယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
ယင်းကိစ္စရပ်နှင့် ပတ်သက်ပြီး ဝန်ကြီးအဖြစ် အဆိုပြုခံရသူ ဦးကျော်လွင်ကို ယခုလအတွင်း ရခိုင်အမျိုးသားပါတီ ဌာနချုပ်တွင် ခေါ်ယူတွေ့ဆုံမည်ဖြစ်ကာ ပါတီ၏သဘောထားကို လက်မခံပါက ပါတီမှ ထုတ်ပယ်သည်အထိ အရေးယူမည်ဖြစ်ကြောင်း ဦးဖေသန်းကဆိုသည်။
“ကျွန်တော်တို့ပါတီကတော့ ပါတီရဲ့(၁/၂ဝ၁၆)အတိုင်း ရပ်တည်သွားမှာဖြစ်တယ်။ အဲဒီအတိုင်းဘဲ ရပ်တည်သွားမယ်။ အခု NLD ပါတီက ခန့်အပ်မယ့်အစိုးရအဖွဲ့ဝင် တာဝန်ကို ထမ်းဆောင်မယ်ဆိုရင် ပါတီရဲ့သဘောထားကို ဦးကျော်လွင်က လက်မခံဘူးဆိုရင် ထုတ်ပယ်တဲ့အထိ အရေးယူသွားမယ်”ဟု ၎င်းကဆိုသည်။
သို့သော်လည်း ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် အဆိုပြုခြင်းခံရသူ ဦးကျော်လွင်ကမူ ဝန်ကြီးချုပ်က ပေးအပ်သော တာဝန်ကို ထမ်းဆောင်သွားမည်ဖြစ်ကာ ယင်းသို့ လုပ်ဆောင်ခြင်းသည်လည်း ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက်ဖြစ်ပြီး ပါတီသဘောထားကို ဆန့်ကျင်ခြင်းမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ် အများဆုံးအနိုင်ရရှိထားသောကြောင့် ပြည်နယ်ဝန်ကြီးချုပ် နေရာတွင် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်စေလိုပြီး ယင်းသို့ ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ခွင့်မရရှိပါက မည်သည့်အစိုးရအဖွဲ့တွင်မဆို ပါဝင်မည်မဟုတ်ကြောင်း ယင်းပါတီ၏ (၁/၂ဝ၁၆)ကြေညာချက်တွင် ဖော်ပြထားသည်။
သို့သော်လည်း ပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် NLD ပါတီဝင် တစ်ဦးဖြစ်သူ ဦးညီပုကို နိုင်ငံတော်သမ္မတက အဆိုပြုခဲ့ပြီး ၎င်းကို ပြည်နယ်လွှတ်တော်တွင်မှတစ်ဆင့် အတည်ပြုခန့်အပ်ထားပြီးဖြစ်သည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment