17.5.16

ဖားကန့်တွင် လက်နက်ကိုင် လူတစ်စုက ကျောက်မျက်ကုမ္ပဏီနှစ်ခုအား ဓာတ်ဆီလောင်းမီးရှို့မှု ဖြစ်ပွား

ဖားကန့်ဒေသတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့က ကျောက်မျက် ကုမ္ပဏီနှစ်ခုအား ဓာတ်ဆီလောင်း ကာမီးရှို့မှု မေ ၁၅ ရက် ညပိုင်းအချိန်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေ ၁၅ ရက် ည ၈ နာရီဝန်းကျင် အချိန်ခန့်တွင် လူ ၁၀ ဦးခန့်ပါသည့် အမည်မသိ လက်နက်ကိုင်အဖွဲ့က သာယာကုန်းကျေးရွာ အနီးရှိ ရတနာမိုးမြေ ကုမ္ပဏီအတွင်း ၀င်ရောက်လာပြီး ၀န်ထမ်းများအား ကွင်းပြင်တစ်နေရာတွင် ၀ပ်ခိုင်းကာ ၀န်ထမ်းအဆောင်များအား ဓာတ်ဆီလောင်း၍ မီးရှို့ခဲ့ကြောင်း၊ ထိုသို့ မီးလောင်မှုမှတစ်ဆင့် ကုမ္ပဏီအတွင်းရှိ ဆီပီပါများ ထပ်မံပေါက်ကွဲကာ ပြင်းထန်စွာ မီးလောင်ကျွမ်းခဲ့ကြောင်း၊ ၀န်ထမ်းများမှာ ၎င်းတို့ကိုယ်ပိုင် မည်သည့်ပစ္စည်းမှ ယူခွင့်မရလိုက်ဘဲ အားလုံးမီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ရတနာမိုးမြေ ကုမ္ပဏီအတွင်း မီးလောင်မှုကြောင့် အဆောင်ငါးလုံး၊ ကားတစ်စီးနှင့် ဆီပီပါများ လုံးဝမီးလောင်ကျွမ်းသွားခဲ့ပြီး ယာဉ်ယန္တရားများ ထိခိုက်မှု အနည်းငယ်စီ ရှိခဲ့ကြောင်း သိရသည်။

၎င်းနှင့် တစ်ဆက်တည်းတွင်ပင် မေ ၁၅ ရက် ညပိုင်းအချိန်က ရတနာမြေဇာပုံကျေးရွာ အနီးရှိ စိန်စိန် (ခေါ်) လင်းထက်အောင် ကျောက်မျက် ကုမ္ပဏီတွင်လည်း အမည်မသိ လက်နက်ကိုင်အဖွဲ့က ကုမ္ပဏီအစောင့်အား ခြောက်လုံးပြူး သေနတ်ဖြင့်ထောက်၍ ၀င်းတံခါးဖွင့်ခိုင်းကာ ကုမ္ပဏီအား မီးရှို့မှုကြောင့် အဆောင်သုံးဆောင်၊ ဘက်ဟိုးတစ်စီး၊ မြေသယ်ယာဉ်နှစ်စီး၊ Prado ကားတစ်စီးနှင့် ဆီပီပါများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးရှို့ခံရမှုနှင့် ပတ်သက်၍ လင်းထက်အောင် ကျောက်မျက်ကုမ္ပဏီမှ တာဝန်ရှိ သူတစ်ဦးက "တောဘက်ကလည်း သူတို့လုပ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီကိစ္စအတွက် သူတို့တောင် စိတ်မကောင်းဖြစ်တယ်။ မျက်နှာပူတယ်လို့ ပြောပါတယ်။ ရေမဆေးသမားတွေလည်း မဖြစ်နိုင်ဘူး။ အခုက စောင့်ကြည့်ရမယ့် အခြေအနေပဲ။ နိုင်ငံရေး မီးရှို့မှုလား။ ဂယက်ထအောင် လုပ်တာလား။ အခြားသံသယတွေတော့ ရှိပါတယ်" ဟု ပြောကြားသည်။

ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ ယူမာကျေးရွာတွင်လည်း မေ ၁၄ ရက်ညအချိန်က ကြယ်လင်း ကုမ္ပဏီဝင်းအတွင်း အမည်မသိလူ ၁၀ ဦးက ၀င်ရောက်ကာ အဆောင်နှင့်ယာဉ် ယန္တရားများအား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယူမာကျေးရွာရှိ ကြယ်လင်းကုမ္ပဏီဝင်း အတွင်းသို့ မေ ၁၄ ရက် ည ၇ နာရီ ၁၅ မိနစ်က ဆိုင်ကယ်ငါးစီးဖြင့် လူ ၁၀ ဦးဝင်ရောက်လာပြီး ကုမ္ပဏီအစောင့် ၀န်ထမ်းများအား မှောက်ခိုင်းကာ ဓာတ်ဆီပုံးများဖြင့် ကုမ္ပဏီဝင်းအတွင်း ပက်ဖျန်း၍ မိုင်းတစ်လုံး ဖောက်ခွဲခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုမှတစ်ဆင့် ဒီဇယ်ပီပါငါးလုံး ထပ်မံပေါက်ကွဲခဲ့ရာ ၀င်းအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆိပ်မူကျေးရွာ မီးသတ်တပ်ဖွဲ့နှင့် အနီးရှိ ကုမ္ပဏီများက ၀ိုင်းဝန်းမီးငြှိမ်းသတ်မှုကြောင့် ည ၉ နာရီ ၀န်းကျင်တွင် မီးညွှန့်ကျိုးခဲ့ပြီး မီးလောင်မှုကြောင့် ကုမ္ပဏီဝန်ထမ်းများ အိပ်ဆောင်၊ ကိုးပေပတ်လည် ၁၀ ခန်းတွဲ နှစ်ထပ်ဆောင်တစ်ဆောင်၊ ကိုးပေပတ်လည် ၁၀ ခန်းတွဲ ကားဂိုဒေါင်နှစ်ဆောင်၊ ၁၀ ဘီးမြေသယ်ယာဉ် သုံးစီး၊ ဘက်ဟိုးလေးစီး၊ ဆီဘောက်ဆာကား တစ်စီးတို့ မီးလောင်ကျွမ်း ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ကြယ်လင်း ကုမ္ပဏီဝင်းအတွင်း မေ ၁၅ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ တွင် တိပ်အ၀ါဖြင့် ပတ်ထားသည့် မပေါက်ကွဲသေးသော မိုင်းလေးလုံး ထပ်မံတွေ့ရှိခဲ့ရာ သက်ဆိုင်ရာမှ သယ်ဆောင် သွားခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"ဗုံးပေါက်ကွဲတာတွေက နေ့စဉ်ရက်ဆက် ဖြစ်နေပါတယ်။ အိမ်ပြင်တောင် မထွက်ရဲတာတွေ ဖြစ်လာတယ်။ အစစ်အဆေးတွေ လည်းများတယ်။ ၁၄ ရက်ကလည်း ရှမ်းနီးပါ တီရုံးရှေ့မှာ မိုင်းတစ်လုံးကွဲတယ်။ ၀ပ်ရှော့နဲ့နီးတော့ ကားခုနစ်စီးလောက် ပျက်သွားတယ်။ အသွားအလာ သတိထားနေရတယ်" ဟု ဆိပ်မူကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

ဖားကန့်မြို့ဝန်းကျင်၌ မေ ၈ ရက်မှ စတင်ခဲ့သည့် ပေါက်ကွဲမှု ဖြစ်စဉ်များမှာ ယခုအခါ (၃၅) ကြိမ် ကျော်လာပြီဖြစ်ကြောင်း၊ ထိုသို့ မိုင်းဖောက်ခွဲမှုအပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှု ရှိလာကြောင်း၊ မိုင်းဖောက်ခွဲမှုများအား ဆိုင်ကယ်သမားများက လုပ်ဆောင်နေပြီး ရဲစခန်းနှင့် ရဲကင်းများ၊ စစ်တပ်တည်ရှိရာ နေရာများ၊ ဌာနဆိုင်ရာရုံးများ၊ ကုမ္ပဏီအဆောင်များ အနီးတို့တွင် အဓိက ဖောက်ခွဲမှုများ ပြုလုပ်နေကြောင်း၊ ယခုအခါ အပြန်အလှန် ပစ်ခတ်မှုများကြောင့် ဒေသခံများ စိုးရိမ်မှုရှိလာကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment