17.5.16

ဆည်မြောင်းဦးစီးဌာနက တည်ဆောက်ထားသည့် ရေလှောင်တမံ ၂၃၅ ခုရှိနေသော်လည်း စိုက်ပျိုးရေ ပေးဝေနိုင်မှု၊ ရေဘေး ကာကွယ်မှုနှင့် ရေအားလျှပ်စစ်ထုတ်ခြင်း လုပ်ဆောင်နိုင်သည့် တမံ ၁၉၀ သာရှိ

မြန်မာနိုင်ငံတွင် ဆည်မြောင်းဦးစီးဌာနက တည်ဆောက်ထိန်းသိမ်းထားသည့် ရေလှောင်တမံပေါင်း ၂၃၅ ခုအထိ ရှိနေသော်လည်း စိုက်ပျိုးရေ ပေးဝေနိုင်မှု၊ ရေဘေးကာကွယ်နိုင်မှုနှင့် ရေအားလျှပ်စစ် ထုတ်လုပ်ခြင်း လုပ်ဆောင်နိုင်သည့် တမံ ၁၉၀ သာ ရှိနေကာ စိုက်ပျိုးရေပေးဝေနိုင်ခြင်း မရှိသည့် ရေလှောင်တမံ ၃၅ ခုနှင့် ရေလုံးဝသိုလှောင်နိုင်ခြင်း မရှိသည့် တမံ ၁၀ ခုအထိ ရှိနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဌာန၊ ဆည်မြောင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆည်မြောင်းဦးစီးဌာနက တည်ဆောက် ထိန်းသိမ်းထားသည့် ရေလှောင်တမံ၊ ရေလွှဲဆည်၊ ကန်နှင့် ရေတံခါး ၅၈၁ ခုရှိပြီး အဆိုပါ တမံများအနက် စိုက်ပျိုးရေ ပေးဝေနိုင်မှု မရှိသည့် ရေလှောင်တမံ ၃၅ ခုအထိ ရှိနေကာ ရေလုံးဝ သိုလှောင်နိုင်မှု မရှိသည့် တမံ ၁၀ ခုအထိ ရှိနေကြောင်း ဦးကျော်မြင့်လှိုင်က ပြောကြားသည်။ 
ဆည်မြောင်းဦးစီးဌာနက တည်ဆောက် ထိန်းသိမ်းထားသည့် ရေလှောင်တမံ၊ ရေလွှဲ ဆည်၊ ကန်နှင့် ရေတံခါးအများဆုံး တည်ဆောက်ထားသည့် ဒေသမှာ မန္တလေးတိုင်း ဒေသကြီးဖြစ်ပြီး စုစုပေါင်း ၉၉ ခုအထိ ရှိနေသည်။ ဒုတိယအများဆုံး ဧရာဝတီတိုင်း ဒေသကြီးဖြစ်ပြီး ၈၈ ခုအထိ ရှိနေခြင်းဖြစ်သည်။
ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တည်ဆောက် ထိန်းသိမ်းထားသည့် တမံများအနက်မှ စိုက်ပျိုးရေ ပေးဝေရေးအတွက် အကျိုးပြုနေသည့် ရေလှောင်တမံများနှင့် ရေဘေးကာကွယ်ရေး လုပ်ဆောင်နိုင်သည့် တမံများတွင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်သည့် တမံ ၁၈ ခုသာ ရှိနေပြီး သောက်သုံးရေ ပေးနိုင်သည့် တမံမှာ ၆၁ ခုသာ ရှိနေသည်။
စိုက်ပျိုးရေ ပေးဝေနိုင်မှု မရှိသည့် တမံ ၃၅ ခုအနက် အများစုမှာ မကွေးတိုင်းဒေသကြီးတွင် ၂၄ ခုဖြင့် အများဆုံး ရှိနေကာ မန္တလေးတိုင်း ဒေသကြီးတွင် ကိုးခုရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် အင်ကြင်းပင် ရေလှောင်တမံနှင့် အရာတော် ရေလှောင်တမံ နှစ်ခုသာ ရှိကြောင်း သိရသည်။ ထိုသို့ဖြစ်ပေါ်နေရခြင်းမှာ ရာသီဥတု ဖောက်ပြန်မှုကြောင့် မိုးရွာသွန်းမှုနည်းပါး၍ ရေ၀င်ရောက်မှုနည်းပါးခြင်းကြောင့် ဖြစ်ကြောင်း ဦးကျော်မြင့်လှိုင်က ဆိုသည်။
ရေစိမ့်ထွက်ခြင်း၊ နုန်းပို့ချခြင်းကြောင့် ရေလုံးဝ သိုလှောင်နိုင်မှု မရှိသည့် တမံများမှာ အင်ကြင်းသပိုး၊ အိုင်လျား၊ နွယ်ခွေ၊ လက် ယက်မ၊ လှိုင်းချောင်း၊ လက်ပံ၊ လေးတိုင်စင်၊ နဂါး၊ ဘုရားကုန်းနှင့် ရာဇဂြိုဟ် ရေလှောင်တမံ တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ တမံများအနက် ဘုရားကုန်း ရေလှောင်တမံမှာ ထုံးကျောက်ရှိသောမြေ ဖြစ်၍ ရေစိမ့်ထွက်နေခြင်း ဖြစ်ပြီး ၂၀၁၄-  ၂၀၁၅ ခုနှစ်တွင်မှ ပြီးစီးခဲ့သည့် ရာဇဂြိုဟ် ရေလှောင်တမံမှာ ရေဆင်းဧရိယာတွင် သစ်တောပြုန်းတီး၍ မြေဆီလွှာတိုက်စားပြီး တမံတွင်း သဲနုန်းပို့ချမှုကြောင့် ရေသိုလှောင်နိုင်မှု မရှိခြင်းဖြစ်ကာ ကျန်တမံများမှာ တမံရေ၀ပ်ဧရိယာနှင့် တမံအောက်ခြေတွင် သဲဆန်မြေဖြစ်၍ ရေစိမ့်ထွက်ခြင်းနှင့် ရေဆင်း ဧရိယာတွင် သစ်တောပြုန်းတီး၍ မြေဆီလွှာ တိုက်စားပြီး တမံတွင်း သဲနုန်းပို့ချမှုကြောင့် ရေသိုလှောင်နိုင်မှု မရှိခြင်းဖြစ်သည်။
အဆိုပါ ရေသိုလှောင်နိုင်မှု မရှိသည့် တမံများကို ရေသိုလှောင်နိုင်ရန် ပြုပြင်ရေးအတွက် အသေးစိတ် စူးစမ်းလေ့လာ တိုင်းတာမှုများ ပြုလုပ်နေကြောင်း သိရသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment