12.5.16

ဥတုချောင်းရှင်းလင်းရန် ဖားကန့်ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ ၅၀ ကျော်ရပ်နားမည်

ဖားကန့်ဒေသရှိကျောက်စိမ်းကုမ္ပဏီအချို့ မေလ ၁၅ ရက်မှ စ၍ ယခုနှစ်ရာသီကုန်အထိ တူးဖော်မှုလုပ်ငန်းရပ်နားမည်ဟု ဖားကန့်ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၊ဒုတိယဥက္ကဋ္ဌ ဦးဇော်လျှံလွမ်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

ထိုသို့ရပ်နားခြင်းသည် ဖားကန့်ဒေသရှိ ဥတုချောင်းကို မိုးရာသီမတိုင်ခင်ပြင်ဆင်ရမည်ဖြစ်ရာ ၁၅ ရက်နေ့တွင် ပြင်ဆင်မှုများပြုလုပ်မည်ဖြစ်၍ ဥတုချောင်းမှ တဆင့်ဖြတ်သွားရသည့် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်
သုံးနေရာမှာ အလိုအလျှောက် ရပ်နားရသည်အခြေအနေဖြစ်သည်ဟု ၎င်းက ပြောသည်။
အဆိုပါရပ်နားရမည့် လုပ်ကွက် သုံးနေရာမှာ စံခါနှင့် လုံးခင်းကြား တစ်နေရာ၊ မမုံနှင့် စပေါ့ကြားတစ်နေရာဖြစ်ပြီး၊ မမုံအောက်ဘက်ရှိ ကရင်တောင်နားတွင် တစ်နေရာ စသည့်နေရာများရှိ ကုမ္ပဏီများက ရပ်နားမည်ဖြစ်ပြီး ယင်းနေရာသုံးခုပေါင်းပါက ရပ်နားမည့် ကုမ္ပဏီစုစုပေါင်း ၅၀ ကျော်ရှိသည်ဟု ဦးဇော်လျှံလွမ်းက ပြောသည်။
"ဥတုချောင်းကို မြေစာတင်ဖြတ်ရတဲ့ ကုမ္ပဏီတွေက မိုးရာသီမတိုင်ခင် ပြောင်းရွေ့ရမှာမို့ချောင်းကို အသုံးပြု တဲ့ လုပ်ကွက်တွေက ၁၅ ရက်နေ့အပြီး ရပ်နားဖို့ပေါ့။အခုက တံတားကို အသုံးပြုဖြတ်ကြတယ်။ ဥတုချောင်းရှင်းလင်းကြမယ်ဆိုတော့ ၁၅ ရက်မတိုင်ခင်အပြီး လုပ်ကွက်တွေက သူ့အလိုအလျှောက်နားရမယ့် သဘောဖြစ်တာပေါ့" ဟု ၎င်းက ပြောသည်။
ထိုသို့ရပ်နားရာတွင် ဖားကန့်ရှိ လုပ်ကွက်ကုမ္ပဏီအားလုံးက ရပ်နားခြင်းမဟုတ်ပဲ ဥတုချောင်းကို ဖြတ်ရသည့် ကုမ္ပဏီများသာ ရပ်နားမည်ဖြစ်ပြီး ကျန်သည့် ကုမ္ပဏီများသည် မိုးရာသီမတိုင်ခင်အထိ တူးဖော်မှုလုပ်ငန်းများ လုပ်ကိုင်ကြမည်ဟု ဦးဇော်လျှံလွမ်း ကပြောသည်။
အဆိုပါရပ်နားသော ကုမ္ပဏီများသည် လာမည့်မိုးရာသီအပြီး ပွင့်လင်းရာသီရောက်မှသာ ပြန်လည်တူးဖော်ကြမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဥတုချောင်းရှိ တံတားကို ဖျက်နေပြီး ဥတုချောင်းအတွင်းရှိ နွံ့ဆယ်ယူခြင်းများလုပ်ကာ ချောင်းရှင်းလင်းရေး
လုပ်ရန် ဖားကန့်အုပ်ချုပ်ရေးပိုင်းမှ ဦးစီး၍ ကုမ္ပဏီများ၏ စက်ယန္တရားများဖြင့် ချောင်းရှင်းလင်းရေးလုပ်သွားမည်ဖြစ်ကြောင်း
၎င်းက ဆက်လက်ပြောဆိုသည်။
Credit To >>> The Myanmar Times

0 comments:

Post a Comment