13.5.16

စီးပွားရေးပိတ်ဆို့မှုကို ထပ်မံတိုးမြှင့်ရေး အမေရိကန် သံအမတ်ကြီး ဝေဖန်ပြောကြားခြင်း မရှိ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်။ ကောင်းထက်/မြန်မာတိုင်း(မ်)
ယခုလကုန်တွင် သက်တမ်းကုန်ဆုံးတော့မည့် အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး
ပိတ်ဆို့မှုများကို ထပ်မံတိုးမြှင့်ရန် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူများက သမ္မတအိုဘားမား
အစိုးရအား တိုက်တွန်းမှုများ ရှိနေသော်လည်း ထွက်ပေါ်လာနိုင်ဖွယ်ရှိသည့် ရလဒ်အပေါ်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက အရိပ်အမြွက်ပြောဆိုခြင်း မရှိခဲ့ပေ။

သို့သော် အမေရိကန်အစိုးရ၏ ရပ်တည်ချက်မှာ မြန်မာနိုင်ငံတွင် တန်းတူညီမျှသည့် စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့အခွင့်အရေး အခြေအနေများ တိုးတက်လာအောင် ဆောင်ကြဉ်းပေးဖို့
ဖြစ်ကြောင်း သံအမတ်ကြီး စကော့မာစီရယ်လ်က ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ယခုနှစ် မတ်လကုန်ပိုင်းက စတင်တာဝန် ထမ်းဆောင်ခဲ့သည့်
စကော့မာရှယ်သည် မေ ၁၀ ရက်က သတင်းမီဒီယာများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊
လူငယ်ခေါင်းဆောင် အချို့နှင့် ရန်ကုန်မြို့ရှိ အမေရိကန် စင်တာ၌ တွေ့ဆုံခဲ့သည်။
ယင်းတွေ့ဆုံမှုတွင် သံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေး၊
အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး
ပိတ်ဆို့မှုဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ ရပ်တည်ချက်ကို
ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယခင် တပ်မတော်အစိုးရ အဆက်ဆက်က လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ အမေရိကန်
ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့ရေး မူဝါဒကို ၁၉၉၇ ခုနှစ်က
စတင်ချမှတ်လိုက်ခြင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးသည့်
အနေဖြင့် ပိတ်ဆို့မှုများကို အနည်းငယ် ဖြေလျော့ပေးခဲ့သည်။
သို့သော် တစ်သီး ပုဂ္ဂလ ပစ်မှတ်ထားသည့် ပိတ်ဆို့မှုများ ဆက်လက်အကျုံးဝင်နေဆဲဖြစ်ရာ
ယင်း မူဝါဒကို ဆက်လက်ထားရှိ၊ မရှိကို အိုဘားမား အစိုးရက မေ ၂၀ ရက်နောက်ပိုင်း
ဆုံးဖြတ်ရတော့မည်ဖြစ်သည်။
သက်တမ်း ကုန်ဆုံးရန် နီးကပ်လာသည်အမျှ စီးပွားရေး လုပ်ငန်းရှင်များက ပိတ်ဆို့မှုများ ဖယ်ရှားပေးရန်
တိုက်တွန်းပြောဆိုမှုများ ရှိနေသကဲ့သို့ လူ့အခွင့်အရေး လှုပ်ရှားသူများကလည်း ဆက်လက်ထားရှိရန်
အိုဘားမား အစိုးရကို ဖိအားပေးမှုများ ရှိသည်။
"ရလဒ်နဲ့ ပတ်သက်ပြီး မပြောနိုင်သေးပေမဲ့ အလေးအနက်ထား ပြောကြားချင်တာက ကျွန်တော်တို့ရဲ့
ရည်မှန်းချက်က အသွင်ကူးပြောင်းရေး လုပ်ငန်းတွေနဲ့ ရေရှည် တည်တံ့ပြီး တန်းတူညီမျှတဲ့ စီးပွားရေး
ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ဆက်လက်ကူညီပေးဖို့ပါပဲ" ဟု စကော့မာရှယ်ကပြောသည်။
လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများကြောင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ
ပြုလုပ်ခဲ့ရသော်လည်း တစ်သီးပုဂ္ဂလ ပစ်မှတ်ထား ပိတ်ဆို့မှုများက စီးပွားရေး ကဏ္ဍတစ်ခုလုံးနှင့်
မရည်ရွယ်သည့် ပြည်သူများအပေါ် သက်ရောက်မှုများ ရှိကြောင်း ၎င်းကပြောသည်။
တန်းတူညီမျှသည့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အလေးထားကြောင်း သံအမတ်ကြီးက
ပြောဆိုနေဆဲမှာပင် အမေရိကန်နိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဘက် နိုင်ငံများ ဖြစ်သည့် ကနေဒါ၊
မက္ကဆီကိုနှင့် တရုတ်တို့နှင့် နှိုင်းယှဉ်ပါက မြန်မာနှင့် အမေရိကန်တို့၏ ကုန်သွယ်မှု ပမာဏမှာ
အင်မတန် နိမ့်ကျလျက်ရှိနေသည်။
US Census Bureau ၏ ဖော်ပြချက်အရ ၂၀၁၆ မတ်လအတွင်း အမေရိကန်နိုင်ငံက မြန်မာနိုင်ငံသို့
တင်ပို့သည့် သွင်းကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၁ သန်း ဖြစ်ပြီး မြန်မာနိုင်ငံက
အမေရိကန်သို့ တင်ပို့သည့် ပို့ကုန်ပမာဏမှာ ၁၅ ဒသမ ၁ သန်း ဖြစ်သည်။
အဆိုပါ မတ်လအတွင်းပင် အမေရိကန်မှ တရုတ်နိုင်ငံသို့ ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာ
ကိုးဘီလျံ တင်သွင်းနိုင်ခဲ့ပြီး တရုတ်နိုင်ငံက အမေရိကန်သို့ တင်ပို့သည့် ပို့ကုန် တန်ဖိုးမှာ အမေရိကန်
ဒေါ်လာ ၂၉ ဒသမ ၉ ဘီလျံအထိ ရောက်ရှိခဲ့သည်။
သို့ဖြစ်ရာ မြန်မာနှင့် အမေရိကန်ကြား ကုန်သွယ်မှု ပမာဏတိုးတက်ရန် လိုအပ်ချက်များ ရှိနေဆဲဖြစ်ရာ
သံအမတ်ကြီး စကော့မာစီရယ်လ်က နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းမည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ
တိုးတက်ဖြစ်ပေါ်လာရန် အလေးထား ဆောင်ရွက်မည်ဟု ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးပါသည့် ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်များနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ကြိုးပမ်းမှုများတွင် အမေရိကန်
ပြည်ထောင်စုက အစဉ်တစိုက် ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း စကော့မာစီရယ်လ်က ပြောသည်။
"မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး မရဘဲ မအောင်မြင်နိုင်ပါဘူး။ ငြိမ်းချမ်းရေး မရဘဲ အောင်မြင်တဲ့
နိုင်ငံလည်း မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့က တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး အပါအ၀င် နိုင်ငံရေး
ဆွေးနွေးပွဲအတွက် တောက်လျှောက်ကူညီ ပံ့ပိုးပေးခဲ့တာပါ" ဟု ၎င်းက ပြောသည်။
သို့သော် သိမ်မွေ့နက်နဲသည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အမေရိကန်အစိုးရက
ဝင်ရောက်စွက်ဖက်မည် မဟုတ်ဘဲ မြန်မာပြည်သူတွေ ကိုယ်တိုင်က ဆုံးဖြတ်ရမည့် ကိစ္စဖြစ်ကြောင်း
စကော့မာစီရယ်လ်က ပြောသည်။
"ဒီနေရာကနေ အလေးထား ပြောချင်တာက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စဆိုတဲ့ အချက်ကို
ကျွန်တော်တို့ လေးစားတယ် ဆိုတာပါပဲ။ ကျွန်တော်တို့က နိုင်ငံခြား အစိုးရပါ။ ဒါကြောင့်
ငြိမ်းချမ်းရေးက ဘယ်လိုပုံစံမျိုး ဖြစ်သင့်တယ်ဆိုပြီး ၀င်ရောက် စွက်ဖက်ပြောဆိုတာမျိုးလုပ်မှာ
မဟုတ်ပါဘူး။ ဒါ မြန်မာပြည်သူတွေ ဆုံးဖြတ်ရမယ့် ကိစ္စပါ။ ဒါပေမဲ့ ကျွန်တော်တို့ ပံ့ပိုးပေးနိုင်မယ့်
နည်းလမ်းတွေ ရှိတယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် ပံ့ပိုးပေးမှာ ဖြစ်သလို
နည်းပညာ အကူအညီတွေလည်း ပေးနိုင်ပါတယ်" ဟု စကော့မာစီရယ်လ်ကပြောသည်။
အမေရိကန် ပြည်ထောင်စု အစိုးရက ငြိမ်းချမ်းရေးအတွက် ကူညီမည်ဟု စကော့မာစီရယ်လ်က
ပြောဆိုခဲ့သော်လည်း ငြိမ်းချမ်းရေး အပြည့်အ၀ ရပါက ပိတ်ဆို့မှု အားလုံး ရုပ်သိမ်းမည့်
သဘောမဟုတ်ကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။
ဒီမိုကရေစီအရေး လှုပ်ရှားမှုများနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းကသာ
ပိတ်ဆို့မှုများအတွက် ထိရောက်သည့် လုပ်ဆောင်ချက် ဖြစ်ကြောင်း ၎င်းကပြောသည်။

Credit To >>> The Myanmar Times

0 comments:

Post a Comment