13.5.16

သမိုင်းဝင် မြန်မာ့မီးရထားရုံးချုပ်ဟောင်းနေရာတွင် သုံးနှစ်အတွင်း ကြယ်ငါးပွင့်အဆင့်ရှိ Peninsular Hotel ဖွင့်လှစ်မည်

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ သမိုင်းဝင် မြန်မာ့မီးရထားရုံးချုပ်ဟောင်း နေရာအား ရှေးမူမပျက် ပြန်လည်ပြုပြင်၍ ကြယ်ငါးပွင့်အဆင့်ရှိ Peninsular Hotel ကို ၂၀၁၉ ခုနှစ်တွင် အပြီးဖွင့်လှစ်သွားမည် ဖြစ်ကြောင်း Yoma Strategic Holdings Ltd မှ တာဝန်ရှိသူတဦးက News Watch သို့ ပြောသည်။
ကြယ်ငါးပွင့်အဆင့်ရှိ Peninsular Hotel စီမံကိန်း၏ ခန့်မှန်းကြမ်းပြင်ဧရိယာမှာ စုစုပေါင်းစတုရန်းပေ နှစ်သန်း ခန့်ရှိပြီး မြန်မာ့မီးရထားရုံးဟောင်းတွင် ယင်းစီမံကိန်းအတွက် လေ့လာစိစစ်မှုများနှင့် လုပ်ငန်းစတင်နေပြီး စီမံကိန်း၏ အဓိကကျသည့် မြေနေရာအပိုင်းတွင်လည်း လုပ်ငန်းများစတင်နေပြီဖြစ်ကြောင်း သိရသည်။

စီမံကိန်း၏ဒီဇိုင်းကို နိုင်ငံတကာတွင် သတ်မှတ်ထားသည့် သမိုင်းဝင် အဆောက်အအုံထိန်းသိမ်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရ လုပ်ဆောင်ခြင်းဖြင့် မူလလက်ရှိအဆောက်အအုံပုံစံအား ထိန်းသိမ်းသွားမည်ဖြစ်ပြီး ယင်းအပိုင်း (၁) စီမံကိန်းပြီးဆုံးချိန်တွင် မီးရထားရုံးချုပ်ဟောင်း အဆောက်အအုံသည် အဆင့်မြင့်အခန်းပေါင်း ၈၈ ခန်းပါ နာမည်ကြီး Peninsular Hotel အဖြစ် ပြောင်းလဲမည်ဖြစ်သည်။ ထို့ပြင် မင်္ဂလာခန်းမအပါအ၀င် မြန်မာ့မီးရထား၏ သမိုင်းဝင်အချက် အလက်များကို ပြတိုက်အဖြစ် ပြသမည့် အစီအစဉ်များ၊ ကားစီးရေ ၁၃၀၀ ရပ်နားနိုင်သော ကားပါကင်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

''Peninsular Hotel သည် ကမ္ဘာပေါ်ရှိ ဟိုတယ်လုပ်ငန်းစုများအနက်မှ ၀ါရင့်နာမည်ကြီး ဟိုတယ်လုပ်ငန်းစုတခုဖြစ်ပြီးတော့ သမိုင်းဝင်အဆောက်အအုံစီမံကိန်းများနှင့်ပက်သက်သည့် အတွေ့အကြုံ များစွာလည်းရှိပါတယ်'' ဟု ၎င်း တာဝန်ရှိသူက ပြောသည်။

ထိုပြင် The Peninsula Yangon ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း၏အပိုင်း (၂) ကိုလည်း တည်ဆောက်သွားမည်ဖြစ်ရာ ယင်းစီမံကိန်းတွင် အဆင့်မြင့် လူနေခန်း၊ ရုံးခန်း၊ ဟိုတယ်နှင့် ဈေးဝယ်စင်တာများကို ထည့်သွင်းတည်ဆောက်သွားဖြစ်ကြောင်း ၎င်းက ပြောသည်။

The Peninsula Yangon ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအရ လက်ရှိတည်ရှိနေသော Grand Residence နှင့် FMI စင်တာနေရာများတွင်ပါ အဆောက်အအုံသစ်များ တည်ဆောက်သွားမည်ဖြစ်ပြီး တည်ဆောက်မည့် အဆောက် အအုံများတွင် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်နှစ်လုံး၊ ကွန်ဒိုမီနီယမ်တလုံး၊ Serviced Apartment တလုံး၊ ရုံးခန်း တိုက်နှစ်လုံးနှင့် ရန်ကုန်မြို့၏ အကြီးဆုံး ရှော့ပင်းစင်တာတို့ ပါဝင်မည်ဖြစ်ပြီး အဆောက်အအုံများကို တည်ဆောက် မည့်နေရာသည် အကျယ် ၁၀ ဧကခန့် ရှိကြောင်း သိရသည်။
''စီမံကိန်းမှာ အဆင့်မြင့်နာမည်ရ ကုမ္ပဏီအဖွဲ့အစည်းကြီးတွေရဲ့ ကျွမ်းကျင်မှုနဲ့ ပါဝင်အကောင်အထည်ဖော်မှာ ဖြစ်တဲ့အတွက် ဤ Landmark ဖွံ့ဖြိုးရေးစီမံကိန်းဟာ ရန်ကုန်မြို့လယ်ဖွံ့ဖြိုးမှုမှာ အထင်ကရ မှတ်တိုင်တခုဖြစ်လာမှာ ဖြစ်ပါ''ဟု အဆိုပါတာဝန်ရှိသူက ပြော သည်။

အဆိုပါစီမံကိန်းအား ယခင်အစိုးရ လက်ထက်ကတည်းက လုပ်ပိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး နှစ် ၃၀ နှစ်ရှည်ငှားရမ်းခဲ့သည်ဟုသိရကာ ပြည်ထောင်စုအစိုးရအဖွဲ့မှ တိုက်ရိုက်ကိုင်တွယ်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။

''နိုင်ငံသား၊ နိုင်ငံခြားသား ရင်းနှီးမြှပ်နှံမှုဥပဒေမှာ ရင်းနှံမြှပ်နှံမှုအတိုင်းအတာအပေါ် နှစ်ဘယ်လောက်လုပ်ကိုင် ခွင့်ဆိုတာ အကန့်အသတ်ရှိတယ်။ အခု ဒီလို နောက်ထပ်နှစ် (၃၀) လောက်ပေးတယ်ဆိုတာက ဘာကြောင့်ပေးတာလဲဆိုတာ သိချင်တယ်ပေါ့။ ဒီရင်းနှီးမြှပ်နှံမှုဥပဒေနဲ့ ဘောင်ဝင်နေသလားဆိုတာပေါ့။ ဒီလိုပေးလိုက်ခြင်းအားဖြင့် ပြည်သူလူထုအတွက် အကျိုးအမြတ် ဘာရှိမလဲဆိုတာတော့ သိချင်ပါတယ်''ဟု ၎င်းက ပြောသည်။



Credit To >>> News Watch

0 comments:

Post a Comment