
အစိုးရသစ် သက်တမ်း ရက် ၁၀၀ စီမံကိန်းအတွင်း ရက် ၆၀ ပြည့်လာချိန်တွင် ငွေကြေးဖောင်းပွမှုနှင့်အတူ ဆန် ၊ သား၊ ငါး နှင့် ဟင်းသီးဟင်းရွက် အပါဝင် အခြေခံ စားသောက်ကုန်ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း သိရသည်။
သင်္ကြန်နောက်ပိုင်းကာလမှ စတင်၍ တဖြည်းဖြည်း မြင့်တက်နေခြင်းဖြစ်ပြီး ဆန်ဈေးနှုန်းမှာ လက်လီဈေးကွက်တွင် တစ်ပြည်လျှင်၂၀၀ မှ ၄၀၀ အထိ ၊ တစ်အိတ်လျှင် ကျပ် ၆၀၀၀ ခန့်မှ ၁ သောင်းခန့်အထိ အမျိုးအစားလိုက် မြင့်တက်နေခြင်းဖြစ်ကြောင်း The Ladies News မှ စုံစမ်းသိရှိရသည်။
“ဆန်က ကျွန်မတို့ ၀ယ်စားနေကြဆန်ကို ပြည်လိုက်ဝယ်တာ တစ်ပြည်ကို ၂၅၀ လောက် တက်လာတယ်။ တခြား သားငါးဈေးနှုန်းတွေလည်း တက်နေတယ်” ဟု စမ်းချောင်းမြို့နယ်နေ အိမ်ရှင်မ တစ်ဦးက ပြောသည်။
လှိုင်မြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှ ပိုင်ရှင်ဖြစ်ဦး ဦးကမ်းယွက်ကလည်း ယခုရက်ပိုင်းအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဆက်တိုက်ဆိုသလို မြင့်တက်လာနေကြောင်း ပြောသည်။
“ဆန်က ကျွန်တော်တို့ဆိုင်မှာသုံးတဲ့ ဆန်က တစ်အိတ်ကို ၁ သောင်းလောက် တက်လာတယ်။ ၄ သောင်းခွဲကနေ ၅ သောင်းခွဲလောက် ဖြစ်သွားတယ်။ ကြက်ဥဆိုရင် လက္ကားနှုန်းယူတာကို ၁၁၀ ကနေ ၁၃၅ ကျပ် ဖြစ်လာတယ်။ သားငါးဈေးလည်း သိသိသာသာတက်နေတယ်” ဟု ပြောသည်။
ကြက်ဥဈေးနှုန်းမှာ ပြင်ပ လက်လီဈေးကွက်တွင် သင်္ကြန်ရှေ့ကာလက ကျပ် ၁၃၀ မှ ယခု တစ်လုံးလျှင် ၁၇၀ နှုန်းအထိ မြင့်တက်လာပြီး ငါးဈေးနှုန်းမှာ ယခင်သင်္ကြန် ရှေ့ကာလက ငါးကြင်းတစ်ပိသ၁ာလျှင် ၇၀၀၀ ဈေးနှုန်းမှ ၁၀၀၀၀ အထိလည်းကောင်း ၊ ငါးခူဈေးနှုန်းမှာ တစ်ပိဿာလျှင် ၈၀၀၀ မှ ၁၂၀၀၀ ကျပ်အထိ လည်းကောင်း မြင့်တက်သွားခဲ့သည်ဟု ရန်ကုန်မြို့ရှိ အိမ်ရှင်မအချို့ထံမှ သိရသည်။
တက်လာသည့် အခြေခံစား ကုန်ဈေးနှုန်းများကို ကြည့်ပါက ၂၀ ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာသည့် စားကုန်များလည်း ရှိနေသည်ကို တွေ့ရသည်။
“ခုရက်ပိုင်းအတွင်း စားသောက်ကုန် ဈေးနှုန်းတွေက တစ်ခါဈေးသွား တစ်မျိုးနှုန်းလောက်ကို ဖြစ်နေတယ်။ တော်တော်စိတ်ညစ်ဖို့ ကောင်းတယ်။ ၀င်ငွေတွေက တက်မလာသေးပဲ ကုန်ဈေးနှုန်းကတက်နေတာ” ဟု တောင်ကြီးမြို့မှ ဒေါ်ခင်မာထွေးကလည်း ပြောသည်။
ဆန်ဈေးနှုန်းမှာ ပုံမှန်အားဖြင့် မိုးတွင်းအလယ်ကာလ ဖြစ်သည့် သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် သိသိသာသာ မြင့်တက်လေ့ရှိသော်လည်း ယခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာမှုနှင့် ဒေါ်လာဈေး တက်လာမှု စသည့် အကြောင်းအရာများနှင့် သက်ဆိုင်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဒေါက်တာစိုးထွန်းက သုံးသပ်သည်။
‘ကျွန်တော်တို့ တွက်လိုက်တာက ငွေဈေးကလည်း တက်လာတယ်။ ဖောင်းပွမှုလို့ ခေါ်မှာပေါ့။ ဒေါ်လာဈေးက တစ်ဒေါ်လာကို ၁၁၇၀ ကနေ ၁၂၀၀ တန်းလောက် ဖြစ်လာတယ် ၃၀ လောက် တက်သွားတယ်။ အဲငွေနဲ့ ပစ္စည်းအများစုကလည်း အင်ပို့လုပ်ရတယ်။ လယ်ယာသုံး ပစ္စည်းဆိုရင် မြန်မာပြည်မှာရှိတာ မြေကြီးနဲ့ လုပ်သားပဲရှိတာ ကျန်တာအကုန်လုံးက နိုင်ငံခြားကနေ သွင်းရတာ ဓာတ်မြေသြဇာ ပိုးသတ်ဈေးကအစ ငွေဈေးတက်တာနဲ့အမျှ တခြား ထည့်သွင်းရတာများလာတော့ တက်လာတာပေါ့ ။ သင်္ကြန်အပြီးမှာ တော်တော်တက်လာတယ်။ ဆန်က မိုးကျလာတာနဲ့အမျှ နှစ်တိုင်းနှစ်တိုင်းက မိုးလယ်လောက် ရောက်ရင် သြဂုတ်၊ စက်တင်ဘာလောက်က ပိုတက်တာပေါ့။ ဒါကြောင့် အရန်ဆန်တွေဝယ်ပေးဖို့ အစိုးရကို တိုက်တွန်းတာ” ဟု ဒေါက်တာစိုးထွန်းက ပြောသည်။
တောင်သူလယ်သမားများကို ချေးငွထုတ်ချေးရန် မြန်မာငွေကျပ် ဘီလီယံ ၅၀၀ ကျော်ကို ရိုက်နှိပ်ထုတ်ဝေမည်ဟု သတင်းများ ထွက်ခဲ့ပြီးနောက် သင်္ကြန်အပြီးကာလကတည်းက တက်ရိပ်ပြခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းမှာ ယခုရက်ပိုင်းအတွင်း သိသိသာသာ တက်လာခဲ့ခြင်းဖြစ်သည်။
“လယ်သမားချေးငွေက လိုတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ငွေကြေးဈေးကွက်တွေ စားကုန်တွေ မထိခိုက်အောင် ပြည်ပကနေ အတိုးနည်းတဲ့ ချေးငွေလိုဟာမျိုးနဲ့ ထုတ်ချေးအောင် အကြံပြုတာ။ ဒေါ်လာတွေလည်း ၀င်လာအောင်လို့လေ။ အခုက ပြည်တွင်းက ပိုက်ဆံအသစ်ထုတ်ရိုက်မယ့် သဘောဖြစ်နေတယ်။ မိုးတွင်းကာလ ရောက်ရင် မြန်မာငွေဈေးက အိပ်စပို့ တွေလည်း သိပ်မရှိတော့ ပိုကျဦးမဲ့ သဘောရှိတယ်” ဟု နိုင်ငံခြား ငွေလဲလှယ်ရေး လုပ်ငန်းကိုလည်း လုပ်ကိုင်သူ ဒေါက်တာစိုးထွန်းက မှတ်ချက်ပြု ပြောဆိုသည်။
Credit To >>> The Ladies News
0 comments:
Post a Comment