9.5.16

တိုင်းရင်းသားအရေးနှင့်ပတ်သက်၍ NLD အား အားကိုးခြင်းထက် ကိုယ့်ကိုယ်ကိုယ် အားကိုးမည်ဖြစ်သော်လည်း မိတ်ဆွေ အာဏာရပါတီကို မဆန့်ကျင်ဘဲ ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်မည်ဟု UNA တာဝန်ရှိသူ ပြောကြား

တိုင်းရင်းသားအရေး အပါအ၀င် မည်သည့်ကိစ္စမဆို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို အားကိုးခြင်းထက် ကိုယ့်ကိုယ်ကိုယ်သာ အားကိုးမည်ဖြစ်သော်လည်း မိတ်ဆွေ အာဏာရပါတီကို မဆန့်ကျင်ဘဲ ပူးပေါင်းဆောင်ရွက်မှု  ပိုမိုလုပ်ဆောင်မည်ဟု တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသော စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အတွင်းရေးမှူးအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က မေ ၈ ရက်တွင် ပြောကြားသည်။

ရန်ကုန်မြို့ရှိ  SNLD ပါတီရုံး၌ မေ ၇ ရက်က ကျင်းပသည့် UNA အစည်းအဝေးတွင် SNLD ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦးက “ NLD သည် တိုင်းရင်းသားအရေးအတွက်တော့ သိပ်အားမကိုးရတော့ဘူး” ဟူသည့် ပြောကြားမှုနှင့်ပတ်သက်ပြီး ဦးစိုင်းညွန့်လွင်က ယင်းသို့ပြောကြားမှုအပေါ် ယခုကဲ့သို့ ရှင်းပြခြင်း ဖြစ်သည်။
ဦးခွန်ထွန်းဦး၏ ပြောဆိုမှုနှင့်ပတ်သက်၍ ဦးစိုင်းညွန့်လွင်က “အခုက နံပါတ်တစ် ပြောရမယ်ဆိုရင် ၀န်ကြီးချုပ်တွေ ဘာတွေဆိုရင် ရခိုင်ဝန်ကြီးချုပ်ဆိုရင် ရခိုင်ကို ပေးမယ်ဆိုရင် ပေးလို့ရတာပဲလေ။ ဒါပေမဲ့ မပေးခဲ့ဘူး။ ရှမ်းပြည်မှာဆိုရင်လည်း ပေးမယ်ဆိုရင် ပေးလို့ရတယ်။ ဆိုတော့ ဒီဝန်ကြီးချုပ်ကိစ္စ တွေဘာတွေကျတော့ အခြေခံဥပဒေကိုပြန်ပြီးတော့ ကိုးကားပြန်ရော။ ဒီအခြေခံဥပဒေက မကြိုက်တဲ့ အခြေခံဥပဒေ။  အဲဒီကစတာလေ။ အခုဆိုရင် လောက်လောက်လားလား တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ပေါ်လစီ တိတိကျကျ ရှင်းရှင်းလင်းလင်း မရှိဘူး။ အဲဒါတွေလည်း ပါတာပေါ့။ အခုအချိန်ထိကတော့ အားကိုးလောက်တဲ့ အခြေအနေမရှိဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ်လေ။ အမှန်က အဓိက ပြောချင်တာက အားမကိုးဘူးဆိုတာ အပြစ်တင်တာထက်စာရင် အဓိက ပြောချင်တာက ကျွန်တော်နားလည်တာက ကိုယ့်ကိုယ်ကိုယ် အားကိုးရမယ်ဆိုတဲ့ လိုင်းကိုတင်တာပါ” ဟု ပြောကြားသည်။
SNLD ပါတီနှင့် NLD တို့အကြား မည်သည့် ပြဿနာမျှမရှိကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးထားမှု မရှိသေးကြောင်း၊ တွေ့ဆုံဆွေးနွေးရန် ဆိုသည်မှာလည်း NLD ပါတီက အစိုးရဖြစ်သွားသည့်အတွက် NLD ပါတီက ကမ်းလှမ်းမှ ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဆက်လက်၍ ဦးစိုင်းညွန့်လွင်က “ပူးပေါင်းဆောင်ရွက်မှုကတော့ သူအစိုးရ မဖြစ်ခင်ကတည်းက ကျွန်တော်တို့ ပေါင်းလာတာပဲ။ အခု အစိုးရဖြစ်တယ်ဆိုရင် ပိုပြီးတော့ ဆောင်ရွက်မှာပေါ့။ အခု ကျွန်တော်တို့လုပ်တဲ့ လုပ်ငန်းတွေ အားလုံးက NLD ကို ဆန့်ကျင်တာ ဘာမှမရှိပါဘူး။ အားကိုးမရဘူးဆိုတာက ဒါက ပြောရတာပေါ့ဗျာ။ အဓိကပြောချင်တာက ကိုယ့်ကိစ္စ ကိုယ့်ကိုယ်ကိုယ် အားကိုးရမယ်။ သူများကို သွားစောင့်နေလို့မရဘူး။ ဒါပေမဲ့ စကားလုံးက NLD အားမကိုးရဘူးဆိုတာ တစ်ခုတည်းပဲ ကြည့်လိုက်ရင်တော့ ကွဲကုန်ပြီ ဘာညာ အဲဒီလို မြင်နိုင်တာပေါ့။ သို့သော်လည်းပဲ တကယ့်တကယ် ပြောချင်တဲ့ အဓိပ္ပာယ်က ကိုယ်လုပ်ရမယ့် အလုပ်ကို ကိုယ့်ကိုယ်ကိုယ် အားကိုးရမယ်။ ဒါကို ပြောချင်တာပါ။သူတို့ကလည်း အလုပ်ရှုပ်နေတာလေ။ မှီပြီးတွယ်ပြီး အနောက်ကနေ ဒရွတ်တိုက် လိုက်နေတာထက်စာရင် သူလည်းပြေး ကိုယ်လည်းပြေး ထမ်းစရာရှိရင် အတူတူထမ်းပေါ့။ အတူတူ ထမ်းမှပဲပေါ့မှာ” ဟု ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများကိုလည်း NLD အပါအ၀င် အခြားအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အစီအစဉ်များလည်း ချမှတ်ထားသည်ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
“ သူတို့က တော်တော်အလုပ်ရှုပ်တာဗျ။ လောလောဆယ်မှာ သူတို့အခက်အခဲကို ကျွန်တော်တို့ ဘာကူရမလဲဆိုတာ အဲဒါပဲရှိတယ်” ဟု ၎င်းကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် ၂၁ ရာစု ပင်လုံညီလာခံအတွက် အထောက်အကူဖြစ်စေရန်နှင့် အဆင်သင့်ဖြစ်စေရေးအတွက် ပြင်ဆင်မှုများကို SNLD ပါတီအနေဖြင့် ယခုလအတွင်း  လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
UNA ၏ မေ ၇ ရက် ပုံမှန်အစည်းအဝေးတွင် UNA အဖွဲ့ဝင်သစ်အဖြစ် ပါတီလေးပါတီအား လက်ခံရန် ဆုံးဖြတ်ခဲ့ရာ UNA အဖွဲ့ဝင် တိုင်းရင်းသားပါတီ ၁၂ ပါတီ ရှိလာမည်ဖြစ်သည်။ UNA အဖွဲ့ဝင် တိုင်းရင်းသား နိုင်ငံရေးပါတီများမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီ၊  ရခိုင်အမျိုးသားပါတီ၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်ပါတီ၊ ခူမီး (ခမီ) အမျိုးသားပါတီ၊ ရခိုင်မျိုးချစ်ပါတီ၊  မြိုအမျိုးသားဒီမိုကရေစီပါတီနှင့် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီစသည်တို့ ဖြစ်သည်။
Credit To >>> Eleven Media Group 

0 comments:

Post a Comment