20.6.16

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ဘဏ်ခွဲပေါင်း ၁ဝဝ နှင့် အေတီအမ်စက်များတိုးချဲ့ရန် စီစဉ်ထားပြီး ပြည်ပတွင် ဘဏ်ခွဲသွားရောက်ဖွင့်လှစ်ရန် ဆောင်ရွက်နေ

၂ဝ၁၆ ခုနှစ် ဧပြီလမှ ၂ဝ၁၇ ခုနှစ် မတ်လအထိ ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း ပြည်တွင်း၌ ထပ်မံ၍ ဘဏ်ခွဲပေါင်း ၁ဝဝ နှင့် အေတီအမ်စက်များ တိုးချဲ့သွား မည်ဖြစ်ပြီး ပြည်ပတွင်လည်း ဘဏ်ခွဲဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီဘဏ်မှ သိရသည်။
လက်ရှိတွင် ပြည်တွင်း၌ ဘဏ်ခွဲပေါင်း ၁၅၅ ခုကျော် ဖွင့်လှစ်ခဲ့ပြီး ထပ်မံ၍ တစ်နှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအနှံ့ ဘဏ်ခွဲပေါင်း ၁ဝဝ ဖွင့်လှစ်သွားရန် ဆောင်ရွက်နေ သည်ဟု ဧရာဝတီဘဏ်မှ သိရသည်။ ယင်းအပြင် အေတီအမ်စက်များကိုလည်း တစ်နှစ်တာကာလအတွင်း စုစုပေါင်းစက်အရေအတွက် ၅၅ဝ မှ ၆ဝဝ ခန့် အထိထားရှိနိုင်ရန် မျှော်မှန်းထားသည်ဟု သိရသည်။
''ကျွန်တော်တို့ဘဏ်အနေနဲ့က ၂ဝ၁၆ ခုနှစ် မတ် ၃၁ ရက်မှာ ဘဏ်ခွဲပေါင်း ၁၅ဝ ဖွင့်လှစ်ပြီး ဖြစ်ပါတယ်။ ၂ဝ၁၆ ခုနှစ် ဧပြီလကနေ ၂ဝ၁၇ ခုနှစ် မတ်လအထိ တစ်နှစ်အတွင်း ဘဏ်ခွဲပေါင်း ၁ဝဝ ထပ်မံတိုးချဲ့ ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်။ ဘဏ်ခွဲ ၁ဝဝ အတွက် နေရာ ၁ဝဝ ဝယ်ရတာ၊ ငှားရတာ၊ ဆောက်ရတာတွေ အများကြီးပဲ၊ အခုစနေပါပြီ။ ၂ဝ၁၇ ခုနှစ် မတ်လမှာဆိုရင် တော့ ဘဏ်ခွဲပေါင်း ၂၅ဝ ဖြစ်သွားပါမယ်။ မြန်မာတစ်နိုင်ငံလုံးနေရာ အနှံ့အပြားပါပဲ။ လုံးဝမဖွင့်ရသေးတဲ့ မြို့တွေမှာလည်း ဖွင့်သွားဖို့ စီစဉ်ထား ပါတယ်''ဟု ဧရာဝတီဘဏ် IT & Banking Operations ဌာနမှDeputy Managing Director ဦးမင်းဝင့်ဦးက ပြောသည်။
ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် ဧရာဝတီဘဏ်အနေဖြင့် ဗဟိုဘဏ်မှခွင့်ပြုချက်ရရှိထားသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဆောင် ရွက်ပေးလျက်ရှိပြီး ယခုလက်ရှိတွင် အကြွေးဝယ်ကတ်စနစ်ကိုလည်း ဝန်ဆောင်မှု ပေးလျက်ရှိရာ အသုံးပြုသူပေါင်း နှစ်ထောင်နီးပါးခန့် ရှိပြီဖြစ်ကြောင်း သိရ သည်။
အဆိုပါ အကြွေးဝယ်ကတ်ကိုလည်း သတ်မှတ်ခွင့်ပြုချက်နှင့်အညီ ကတ်အရေအတွက် သန်းနဲ့ချီ ထုတ်ပေးသွားမည်ဟု အဆိုပါဘဏ်မှ သိရသည်။ အကြွေးဝယ်ကတ်စနစ် ဆောင်ရွက်နေခြင်းအပြင် ပြည်ပတွင်လည်း ဘဏ်ခွဲဖွင့် လှစ်ရန်အတွက် ဘဏ်စတင်ထူထောင်စဉ်ကတည်းက ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။
''လက်ရှိမှာ ကျွန်တော်တို့ ဆောင်ရွက်ပေးနေတာ အမ်ပီယူခရက်ဒစ် ကတ်ပါ။ နိုင်ငံတကာကပါ လက်ခံတဲ့အဆင့်ရောက်လာရင် ဒီကတ်တွေ နိုင်ငံ တကာအထိရောက်လာမယ်။ နိုင်ငံတကာအထိသွားလို့မရသေးတဲ့အချိန်မှာ နိုင်ငံတကာကကတ်တွေကို ခွင့်ပြုချက်ရတယ်ဆိုရင် ဗီဇာ၊ မာစတာကတ်လိုဟာ မျိုးကိုပြောင်းပြီးခရက်ဒစ်ကတ်ပေးပါမယ်။ နောက်ပြီး ကျွန်တော်တို့အနေနဲ့ ပြည်ပမှာဘဏ်ခွဲသွားရောက်ဖွင့်ဖို့ ဆောင်ရွက်နေပါတယ်။ ဘဏ်ခွဲမရခင်မှာ အနည်းဆုံးတော့ ရုံးခန်းဖွင့်ဖို့ အစီအစဉ်ရှိပါတယ်။ ပြင်ဆင်ထားတာသုံးနှစ် လောက်ရှိပါပြီ။ ကျွန်တော်တို့ဘဏ်က သက်တမ်းအားဖြင့် နုနယ်သေးတော့ နိုင်ငံတကာမှာခွင့်ပြုချက်ရဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ဒီအတွက်လည်း အဘက်ဘက်က စီစဉ်ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့လည်းဖွင့်လှစ်ဖို့ စောင့် နေတာကြာပါပြီ။ ဦးစားပေးအနေနဲ့ မြန်မာအများစုရှိတဲ့ ထိုင်း၊ စင်ကာပူ နိုင်ငံတို့မှာပါ။ သူတို့နိုင်ငံရဲ့ စည်းမျဉ်း၊စည်းကမ်း ကြပ်မတ်မှုတွေရှိတဲ့အတွက် ဒီအပေါ်မှာခွင့်ပြုချက်ရဖို့ ဆောင်ရွက်နေတာပါ။ စင်ကာပူကတော့ စည်းမျဉ်း၊ စည်းကမ်းပိုကျပ်တယ်။ ထိုင်းကအရင်ရဖို့ များပါတယ်''ဟု ၄င်းက ရှင်းပြ သည်။
ဧရာဝတီဘဏ်အနေဖြင့် ဘဏ်၌ စုငွေလက်ခံခြင်းနှင့် အတိုးပေးခြင်း၊ စီးပွားရေးလုပ်ငန်းများကို ဘဏ်ချေးငွေပြန်ချပေးခြင်းတို့အပြင် ယခုနောက်ပိုင်း တွင် ကတ်စနစ်သုံးဘဏ်စနစ်၊Internet Banking, Mobile Banking, International Banking များကို ဆောင်ရွက်လျက်ရှိပြီး ဗဟိုဘဏ်၏ သတ်မှတ် ချက်အတိုင်း ခွင့်ပြုချက်ပေးသည့်အပေါ် ထုတ်ကုန်အသစ်များကိုလည်း မိတ် ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဧရာဝတီဘဏ်အနေဖြင့် နည်းပညာ ပိုင်းဆိုင်ရာများကို အဓိကထား ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ပြီး ဘဏ်နှင့် လက်တွဲဆောင်ရွက်နေသော အများပြည်သူများအပေါ် အလေးထားသည့် ဝန်ဆောင်မှုစနစ်ကို ဘဏ်ဝန်ထမ်းအားလုံးက တစ်နေရာတည်းတွင် အဆင် ပြေချောမွေ့စေရန် အပြီးအစီး ဝန်ဆောင်မှုပေးသည့်စနစ်တို့ကိုလည်း ပြောင်းလဲသုံးစွဲလျက်ရှိသည်ဟု သိရသည်။
''ဘဏ်အနေနဲ့ ထူးထူးခြားခြားစီစဉ်ဆောင်ရွက်သွားတာကတော့ အဓိက က နည်းပညာပါပဲ။ ပုံမှန်သမားရိုးကျဘဏ်စနစ်တွေ မသုံးဘူး။ ဘဏ်ခွဲတွေ မှာအလုပ်လုပ်တဲ့ လုပ်ငန်းစဉ်တွေက အကုန်နည်းပညာနဲ့ ပြောင်းလဲလိုက်ပါ တယ်။ အရင်တုန်းက ဘဏ်ခွဲတွေသွားရင် ငွေလွှဲကောင်တာ၊ ငွေစုကောင်တာ၊ ငွေထုတ်ကောင်တာ အစရှိသည့် ကောင်တာတွေခွဲထားတယ်။ အဲဒီတော့ ငွေထုတ်ငွေလွှဲ ဟိုသွားဒီသွား သွားနေရတယ်။ အခုကဧည့်သည်လာရင် ကောင်တာကို သတ်မှတ်ခွဲပေးလိုက်တယ်။ တစ်နေရာတည်းအဆင်ပြေအောင် လုပ်ပေးလိုက်တယ်။ အဲဒီစနစ်ကအကြီးဆုံးပဲ။ အဲဒါဖြစ်ပေါ်လာဖို့ နည်းပညာ တွေ အကုန်ပြင်ရတယ်။ စာရင်းမှတ်ရတာ၊ စာရွက်တွေ အလွန်များတယ်။ အခု အဲဒါမျိုးတွေ မရှိတော့ဘူး။ အဓိကပြောင်းလဲမှုက နည်းပညာနဲ့ Customer Services ပါပဲ။ ကျွန်တော်တို့ဆီမှာCustomer Services ကို ဝန်ထမ်းအားလုံး လုပ်ရတယ်''ဟု ဦးမင်းဝင့်ဦးကရှင်းပြသည်။


လက်ရှိတွင် ဧရာဝတီဘဏ်သည် ရန်ကုန်ရုံးချုပ်အပါအဝင် မြန်မာနိုင်ငံ မြို့ကြီးပေါင်း ၆၃ မြို့တွင် ဘဏ်ခွဲပေါင်း ၁၅၉ ဘဏ် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ဘဏ်နှင့်ချိတ်ဆက်ထားသည့် စတော့အိတ်ချိန်းဝန်ဆောင်မှုဖြစ်သောSecurities Account ဖွင့်လှစ်ခြင်းနှင့် အာမခံဝန်ဆောင်မှုပေးခြင်းတို့ကို လည်း ဆောင်ရွက်လျက်ရှိကာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ဘဏ်ခွဲပေါင်း ၁ဝဝ ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment