20.6.16

အီးယူမှ ဗြိတိန်နုတ်ထွက်ရေး ဆန့်ကျင်မှုများ ပြန်လည်အားကောင်း



ဥရောပသမဂ္ဂ (အီးယူ) မှ ဗြိတိန်နုတ်ထွက်ရေး အတွက် လူထုဆန္ဒခံယူပွဲ မကျင်းပမီ ရက်အနည်းငယ် အလိုတွင် ပြုလုပ်သော သဘောထားစစ်တမ်း ကောက်ယူမှုအရ နုတ်ထွက်ရေးထက် အီးယူထဲတွင် ဆက်နေသွားလိုသည့် သဘောထားများ ပြန်လည်မြင့်တက်လာရာ အီးယူမှ နုတ်ထွက်ရေးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသည့် ဝန်ကြီးချုပ် ဒေးဗစ်ကင်ရွန်းအတွက် အားတက်စရာ အနေအထားများ ပြန်လည်ရရှိလာကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြထားသည်။

လာမည့် ကြာသပတေးနေ့ (ဇွန် ၂၃) တွင် အီးယူမှ ဗြိတိန်နုတ်ထွက်ရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး ကျင်းပတော့မည်ဖြစ်ပြီး လက်ရှိအချိန်သည် နုတ်မထွက်ရန် မဲ (‘In’ Vote) ပေးကြရန် ဆော်သြစည်းရုံးနေသည့် ဒေးဗစ်ကင်မရွန်းအတွက် အစွမ်းကုန် ကြိုးပမ်းရမည့် ကာလ ဖြစ်သည်။
နောက်ဆုံးတစ်ကြိမ် ပြုလုပ်သည့် ဆန္ဒသဘောထား စစ်တမ်းအရ ‘မနုတ်ထွက်ရန် မဲ’ ပေးမည့် အင်အားစုများ ပြန်လည်အားကောင်းလာသည်ကို တွေ့ရကြောင်း၊ ထို့ပြင် လက်ယာယိမ်း မေးလ်သတင်းစာကလည်း စာဖတ်သူများ အနေနှင့် အီးယူထဲတွင် ဆက်နေသွားရေး အတွက်သာ မဲပေးကြရန် တိုက်တွန်းထားကြောင်း သတင်းများက ဆိုသည်။
“ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီးအတွက် မဲဆွယ်စည်းရုံးကြရာမှာ ယခုဆိုလျှင် ကျွန်တော်တို့ဟာ နောက်ဆုံး ရက်သတ္တပတ်ထဲကို ရောက်လာပါပြီ။ ယခင်လို ပြန်လည်နေထိုင်သွားလိုတဲ့ အနေအထားမျိုးတွေ ပြန်တွေ့လာရပါတယ်” ဟု သဘောထားစစ်တမ်း ကောက်ယူသည့် အဖွဲ့တစ်ခု ဖြစ်သော YouGov ၏ ဒါရိုက်တာ အန်တိုနီဝဲလ်စ်က ပြောကြားသည်။
ဗြိတိန် အီးယူထဲမှ နုတ်ထွက်မည့် ကိစ္စသည် ကမ္ဘာတစ်ဝန်းရှိ ငွေကြေးဈေးကွက်များ ကမောက်ကမ ဖြစ်စေမည့် အနေအထားသို့ တွန်းပို့လျက်ရှိသည်။
မကြာသေးခင်က ရယူထားသော သဘောထား စစ်တမ်းများအရ နုတ်ထွက်ရန် မဲ (‘Out’ Vote) အတွက် စည်းရုံးသူများ အသာစီးရသည့် အနေအထားတွင် ရှိနေသော်လည်း ယခုနောက်ဆုံး ထွက်လာသော သဘောထားစစ်တမ်းတွင်မူ ၎င်းတို့ ပြန်လည် အင်အားလျော့နည်းသွားသည်ကို တွေ့ရသည်။
လက်ရှိအနေအထားတွင် စတော့နှင့် ငွေကြေးဈေးကွက်များ မတည်မငြိမ်ဖြစ်လျက် ရှိပြီး အကယ်၍ အီးယူမှ နုတ်ထွက်လိုက်မည် ဆိုပါက ဗြိတိန်စီးပွားရေးသာမက ကုန်သွယ်ဘက်နိုင်ငံများမှ လုပ်ငန်းကြီးများပါ ထိခိုက်လာမည်ကို စီးပွားရေး ပညာရှင်များက စိုးရိမ်လျက်ရှိသည်။
ထို့ပြင် ဗြိတိန် နုတ်ထွက်သွားမည် ဆိုပါက အီးယူအဖွဲ့၏ အနာဂတ်တွင်ပါ ကြီးမားသော ဂယက်ရိုက်ခတ်မှုများ ပေါ်ပေါက်လာနိုင်သည်ဟု ၎င်းတို့က ခန့်မှန်းထားသည်။
Sunday Times သတင်းစာက အတွက် You Gov က တနင်္ဂနွေနေ့တွင် ပြုလုပ်ပေးသော သဘောထားစစ်တမ်းတွင် အီးယူတွင် ဆက်နေရန် မဲဆွယ်စည်းရုံးသူများဘက်က ထောက်ခံမှု ၄၄ ရာခိုင်နှုန်း၊ နုတ်ထွက်ရေးကို ထောက်ခံမှုက ၄၃ ရာခိုင်နှုန်း ရရှိထားသည်။
ယင်းသဘောထား စစ်တမ်းကို ပြီးခဲ့သည့် ကြာသပတေးနှင့် သောကြာနေ့များတွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ဗြိတိန်ပြည်သူများနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးများကို အခြေခံထားကြောင်း You Gov က ဆိုသည်။
မကြာသေးခင် ရက်ပိုင်းက အီးယူထဲတွင် ဗြိတိန် ဆက်လက်နေထိုင်သွားရန် ဆော်သြစည်းရုံးသူ အမျိုးသမီး ပါလီမန်အမတ် ဂျိုကော့စ် (၄၁ နှစ်) ပစ်ခတ် သတ်ဖြတ်ခံလိုက်ရမှုကြောင့် ဗြိတိန်နိုင်ငံတစ်ဝန်း ထိတ်လန့်တုန်လှုပ်လျက် ရှိသည်။
ကလေးနှစ်ဦး၏ မိခင် မစ္စဂျိုကော့စ် သတ်ဖြတ်ခံရမှုကြောင့် ယခုလို အီးယူထဲတွင် ဆက်နေလိုသည့် အင်အားစုများ ပြန်လည်အားကောင်းလာခြင်း ဟုတ်၊ မဟုတ်ကိုမူ You Gov က ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
Credit To >>> The Voice Weekly

0 comments:

Post a Comment