20.6.16

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်

ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၁)ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ နှိမ်နင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ဇွန် ၁၇ ရက် နံနက်ပိုင်း မှစ၍ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများတွင် တစ်အိမ်တက်ဆင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ ကျန်းမာရေးဝန်ထမ်းများ၊ ကျန်းမာရေးကြီးကြပ်(၂) များ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ကြက်ခြေနီ၊ မီးသတ်၊ မိခင်နှင့် ကလေးအစရှိသည့် လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား ၁ဝ၉ ဦး ခန့်သည် အဖွဲ့ငယ်များခွဲ၍ အမှတ်(၁)ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၁၂ဝဝ ကျော်တွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ငှက်ဖျားတိုက်ဖျက်ရေး တာဝန်ခံဆရာဝန် ဒေါက်တာသီဟမြင့်စိုးက အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံး၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်ပြီး ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ပတ်ဝန်း ကျင်သန့်ရှင်းရေးလုပ်ငန်းများကို ဘားအံမြို့ပေါ်တွင် အပတ်စဉ်ဆောင်ရွက် လျက်ရှိရာ ဇွန် ၁ဝ ရက်က ဘားအံမြို့ အမှတ်(၉)ရပ်ကွက်တွင် ဆောင်ရွက် ခဲ့ပြီး ဇွန် ၂၄ ရက်တွင် အမှတ် (၄) ရပ်ကွက်၌ ဆောင်ရွက်မည်ဖြစ်ကာ အပတ်စဉ်သောကြာနေ့တိုင်း ဖုံး၊ သွန် လဲ၊ စစ်နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment