20.6.16

လာမည့် ဇူလိုင်လတွင် သိန်း ၁၂၀ အောက် တန်ဖိုးနည်းတိုက်ခန်းများ ရောင်းချမည်

လာမည့် ဇူလိုင်လအတွင်း ဒဂုံဆိပ်ကမ်း မြို့နယ်နှင့် လှိုင်သာယာမြို့နယ်ရှိ သိန်း ၁၂၀ အောက် တန်ဖိုးနည်း တိုက်ခန်းများကို ရောင်းချပေးမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနမှ သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း (၁) မှ ၈၆၄ ခန်း၊ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်အိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၈၄၀ ခန်း ၊လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း အပိုင်း (၃)မှ ၅၀၄ ခန်းကို ရောင်းချရာတွင် မြေညီထပ် သိန်း ၁၂၀ နှင့် ပထမထပ်မှ လေးထပ်အထိ ကျပ်သိန်း ၁၂၀ အောက်မှ ကျပ်သိန်း ၇၀ ကြား သတ်မှတ်ထားပြီး အိမ်ပိုင်ဆိုင်ခြင်းမရှိသည့် ၀င်ငွေနည်း ပြည်သူများနှင့် အစိုးရ၀န်ထမ်းများကို ရောင်းချပေးမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုရောင်းချမည့်တန်ဖိုးနည်း တိုက်ခန်းများကို အစိုးရ၏ ရက်၁၀၀ စီမံချက်အတွင်း ပြီးစီးအောင် ဆောင်ရွတ်လျက်ရှိပြီး ရောင်းချမည့် အခန်း၏ ၇၀ ရာခိုင်နှုန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက အများပြည်သူများကို ရောင်းချပေးမည်ဖြစ်ရာ ကျန် ၃၀ ရာခိုင်နှုန်းကို ပြည်ထောင်စု အစိုးရက အစိုးရ၀န်ထမ်းများထံ ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အန်တီက အစိုးရ၀န်ထမ်း ပင်စင်စားအိမ်ပိုင်မရှိဘူး။အရင်တစ်ခေါက် အန်တီ ဗန္ဓုလအငှားအိမ်ရာ မဲနှိုက်ပေးတုန်းကလည်း လျှောက်လွှာတင်ထားပေမယ့် မဲမပေါက်ခဲ့ဘူး ။အခုဟာက သိန်း ၇၀ လောက်နဲ့ အခန်းတစ်ခန်း ပိုင်ဆိုင်ခွင့်ရမှာဆိုတော့ စုထားတဲ့ ဂလယ်ဂျူတီ လေးနဲ့ ရှိတာလေးရောင်းချ ချေးငှားပြီးဝယ်ချင်ပါတယ်။ရတာ မရတာကတော့ကံပဲပေါ့ လျှောက်လွှာတင်ရမယ့်ရက်ရောက်ရင်တော့ သွားတင်မှာပါ ဟု အငြိမ်းစားကျောင်းဆရာမကြီး ဒေါ်စန်းစန်းမြင့်က ပြောသည်။

အဆိုပါ တန်ဖိုးနည်းတိုက်ခန်းများ ၀ယ်ယူရန် လျှောက်လွှာဝယ်ယူရမည့်နေ့ရက်နှင့် စည်းကမ်းချက်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇူလိုင်လအတွင်း သတင်းစာများတွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

Credit To >>> iMyanmar

0 comments:

Post a Comment