28.6.16

ဆီးရီးယားသူပုန်များထံ စီအိုင်အေပေးပို့ခဲ့သော လက်နက်များ မှောင်ခိုဈေးကွက်သို့ ရောင်းချခဲ့ဟုဆို

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ)နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့က ဆီးရီးယားသူပုန်များအတွက် ဂျော်ဒန်နိုင်ငံသို့ တင်ပို့ပေးခဲ့သော လက်နက်များကို ဂျော်ဒန် ထောက်လှမ်းရေး အရာရှိများက ခိုးယူကာ မှောင်ခိုဈေးကွက်တွင် လက်နက်ကုန်သည်များထံ ရောင်းချခဲ့ကြောင်း အမေရိကန်နှင့် ဂျော်ဒန် တာဝန်ရှိသူများအား ကိုးကားလျက် နယူးယောက်တိုင်း သတင်းစာက ရေးသားဖော်ပြသည်။ သို့ရာတွင် သတင်းစာပါ ဖော်ပြချက်နှင့်ပတ်သက်၍ စီအိုင်အေက လတ်တလောဝေဖန် ပြောကြားခြင်းမရှိပေ။

ခိုးယူခံခဲ့ရသော လက်နက်များအနက် အချို့ကို နိုဝင်ဘာလက ဂျော်ဒန်နိုင်ငံ အမ္မန်မြို့ရှိ ရဲလေ့ကျင့်ရေး ကျောင်းတစ်ကျောင်း၌ ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတစ်ရပ်တွင် အသုံးပြု ခဲ့ကြောင်း နယူးယောက်တိုင်း သတင်းစာနှင့် အယ်လ်ဂျာဇီယာ ရုပ်မြင်သံကြားဌာနတို့က ပူးတွဲပြုလုပ်သော စုံစမ်းလေ့လာမှုအရ သိရသည်။
အမေရိကန်၏ ရန်ပုံငွေဖြင့် ဖွင့်လှစ်ထားသော နိုင်ငံတကာ ရဲလေ့ကျင့်ရေး သင်တန်းကျောင်း၌ အပြန်အလှန် ပစ်ခတ်မှုတွင် ဂျော်ဒန် ရဲအရာရှိတစ်ဦးက အမေရိကန်အစိုးရ လုံခြုံရေးဆိုင်ရာ ကန်ထရိုက် လုပ်ငန်းရှင် နှစ်ဦး၊ တောင်အာဖရိက သင်တန်းမှူးတစ်ဦးနှင့် ဂျော်ဒန်နိုင်ငံသား နှစ်ဦးတို့ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ၎င်းမှာလည်း သေဆုံးခဲ့ကြောင်း၊ လူလေးဦးထက်မနည်းမှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဂျော်ဒန် အာဏာပိုင်များက နိုဝင်ဘာလတွင် ပြောကြားခဲ့ကြသည်။
အငြင်းပွားမှု တစ်ခုကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားသည်ဟု ယူဆရသော်လည်း ဖြစ်စဉ်၏ အကြောင်းတရားများကို အတိအကျ မသိရပေ။
Credit To >>> The Mirror Daily

0 comments:

Post a Comment