28.6.16

စတော့အိတ်ချိန်းစာရင်းဝင် FMI ကုမ္ပဏီအုပ်စုက စံချိန်တင်ဝင်ငွေရရှိခဲ့

FMI ကုမ္ပဏီအုပ်စုက စုစုပေါင်း ၀င်ငွေ ကျပ် ၁၁၀ ဘီလီယံ ကျော်
စံချိန်တင်ဝင်ငွေရရှိခဲ့တယ်လို့ ယးကုမ္ပဏီအုပ်စုက ယနေ့မှာ
ကြေညာထုတ်ပြန်လိုက်ပါတယ်။

၂၀၁၅ မတ်လမှ ၂၀၁၆ မတ်လ အထိ FMI ကုမ္ပဏီအုပ်စုက
ရရှိခဲ့တဲ့ ၀င်ငွေဖြစ်ပြီး FMI လုပ်ငန်းစုရဲ့ ယခုဝင်ငွေရရှိမှုမှာ
ယခင်နှစ်ကထက် ၂၃၀ ရာခိုင်နှုန်းတိုးတက်ရရှိခဲ့တယ်လို့
ဆိုပါတယ်။
ဘဏ္ဍာရေးဝန်ဆောင်မှု ကဏ္ဍ၊ အိမ်ရာ တည်ဆောက်ရေးကဏ္ဍနဲ့
ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍများမှာ FMI ကုမ္ပဏီအုပ်စုက
ရင်းနှီးမြှုပ်နှံထားပြီး ရိုးမဘဏ်နဲ့ ပန်းလှိုင်စီလုံဆေးရုံတို့ကနေ
ကုမ္ပဏီက ခိုင်မာတဲ့ ၀င်ငွေတိုးတက်မှုများ ရရှိခဲ့ခြင်းဖြစ်ပါတယ်။
Star City စီမံကိန်းမှ FMI က အမြတ်ဝေစု ကျပ် ၃ ဒသမ
၃ ဘီလီယံ ရရှိခဲ့ပြီး Star City စီမံကိန်းကို တည်ဆောက်နေသူ
Thanlyin Estate Development မှာ FMI ရဲ့
အစုစပ်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
နှစ်ပေါင်း ၂၀ ကျော် သက်တမ်းတလျှောက် FMI က
အမြတ်ဝေစုများ စဉ်ဆက်မပြတ်ပေးခဲ့ပြီး ယခုနှစ်
အမြတ်ဝေစုကို ၁၃၅ ကျပ် အား အစုရှယ်ယာရှင်များကို
ထုတ်ပေးဖို့ ကြေညာထားပြီ ဖြစ်ပါတယ်။
ရိုးမဘဏ်ကို ရေရှည်တိုးတက်မှု ဖန်တီးနိုင်ဖို့အတွက်
ဘဏ်ရဲ့ စီမံခန့်ခွဲမှုနဲ့ နည်းပညာတိုးတက်မှုအပေါ်မှာ
အာရုံစိုက်လျက်ရှိပြီး FMI ၊ ရိုးမဘဏ်နဲ့ တယ်လီနော်
တို့အကြား ဖက်စပ်လုပ်ငန်းဖြစ်တဲ့ Wave Money
ကိုလည်း မကြာမီစတင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
အိမ်ခြံမြေဈေးကွက်မှာလည်း Star City နဲ့ Kris Plaza
တည်ဆောက်ရေးလုပ်ငန်းများမှ လာမည့်နှစ်အတွင်း
ရောင်းချမှုများ ပိုမို များပြားလာမယ်လို့ မျှော်လင့်ထားပါတယ်။
ပန်းလှိုင်စီလုံဆေးရုံကို နိုင်ငံတစ်ဝန်းဆေးရုံကွန်ရက်တစ်ခုအဖြစ်
တိုးချဲ့တည်ဆောက်ရေးအစီအစဉ်ကိုလည်း ရှေ့သို့
ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
FMI ကုမ္ပဏီဥက္ကဌဖြစ်သူ ဦးသိမ်းဝေက FMI အတွက်
အနာဂတ်ကာလသည် အလားအလာ ကောင်းမွန် လျက်ရှိပြီး
လုပ်ငန်းတိုးတက်မှုအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်
တစ်ရပ်ကို ဖန်တီးထားပြီး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
FMI ကုမ္ပဏီကို ၁၉၉၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး
၂၀၁၆ ခုနှစ်မှာ ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းဝင်တဲ့
ပထမဆုံး ကုမ္ပဏီလည်း ဖြစ်ပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment