28.6.16

စွန့်ပစ်အမှိုက်မှလျှပ်စစ်ထုတ်မည့် စက်ရုံအတွက် လိုအပ်စက်ပစ္စည်းများ ဂျပန်နိုင်ငံမှ စတင်ရောက်ရှိ

 စွန့်ပစ်အမှိုက်မှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မည့်စက် ရုံတည်ဆောက်ရန် ဂျပန်နိုင်ငံမှ မှာယူထားသည့် စက်ပစ္စည်းများ အားလုံး ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါစက်ရုံကို ၂၀၁၇ ခုနှစ် ဧပြီလတွင်စတင်လည်ပတ်မည်ဖြစ် ပြီး ယခုအခါစက်ရုံတည်ဆောက်နေမှုမှာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီး နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာန မှူး ဒေါက်တာအောင်မြင့်မော်က ဇွန် ၂၆ ရက်က ပြောသည်။
အဆိုပါစက်ရုံတည်ဆောက်ရာတွင် လိုအပ်သည့်စက်ပစ္စည်း များကို ဂျပန်နိုင်ငံမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက မှာယူခဲ့ခြင်းဖြစ်ပြီး ယခုနှစ် မေလက တစ်ဝက်ခန့်ရောက်ရှိခဲ့ကြောင်း သိရသည်။
ဒေါက်တာ အောင်မြင့်မော်က " စက်တွေကိုမှာထားတာ ၂၀၁၅ နှစ်ကုန်ပိုင်းကတည်းက၊ ပစ္စည်းတွေက ရေလမ်းကြောင်းက
လာတာ ဖြစ်လို့ အကုန်လုံး တစ်ခါတည်းမရောက်ဘူး။နည်းနည်းစီရောက်တာ။ ဇွန်လတတိယပတ်ထဲမှာ ရောက်တာကတော့ မှာထားတဲ့ပစ္စည်း အားလုံး ရောက်လာပြီ" ဟု ၎င်း ကပြောသည်။
အဆိုပါစက်ရုံကို ရွှေပြည်သာမြို့နယ်နှင့် လှော်ကားဥယျာဉ် အကြားတွင် တည်ဆောက်နေခြင်းဖြစ်ပြီး ယင်းစက်ရုံပန္နက်ရိုက် အခမ်းအနားကို ၂၀၁၅ ခုနှစ် အောက်တိုဘာက ပြုလုပ်ခဲ့သည်။
ယင်းစက်ရုံမှ တစ်နာရီလျှင် လျှပ်စစ် ကီလိုဝပ် ၇၀၀ ထုတ်မည် ဖြစ်ကာ စက်ရုံလည်ပတ်ရန် ကီလိုဝပ် ၄၀၀ သုံးစွဲမည်ဖြစ်ပြီး ကျန် ကီလိုဝပ် ၃၀၀ ကို မဟာဓာတ်အားလိုင်းသို့ ပို့လွှတ်ပေးမည်ဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် နေ့စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၃၀၀ ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပူးပေါင်းဖြန့်ဖြူးသွားမည်ဖြစ်သည်။
ဂျပန်နိုင်ငံအစိုးရ၏ Joint Crediting Mechanism နည်းစဉ် ဖြင့် ပူးပေါင်းဆောင်ရွက်ချက်အရ ဂျပန်အစိုးရမှ အမေရိကန်ဒေါ်လာ ရှစ်သန်း စိုက်ထုတ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှ အမေရိကန်ဒေါ်လာ ရှစ်သန်းပါဝင်သည့် တန် ၆၀ ကျ အမှိုက်မှ စွမ်းအင်ထုတ်လုပ်သည့်စက်ရုံကို ရွှေပြည်သာမြို့နယ်တွင် တည်ဆောက် နေခြင်းဖြစ်သည်။

0 comments:

Post a Comment