28.6.16

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း ငါးနိုင်ငံ ကုန်သွယ်ရေး၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်မည်

အာဆီယံဒေသတွင်း အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း(CLMVT) ငါးနိုင်ငံ ကုန်သွယ်ရေး၊ ငွေကြေး ရင်းနှီး မြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောသည်။

ပထမအကြိမ် အဆိုပါ ငါးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို ထိုင်းနိုင်ငံ တွင် ယခုလအတွင်း ကျင်းပခဲ့ပြီး ငါးနိုင်ငံ ကုန်သွယ်ရေး၊ ငွေကြေးရင်းနှီး မြှုပ်နှံရေးနှင့် ခရီးသွားလာမှုကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ ကြောင်း အဆိုပါဖိုရမ်သို့ တက်ရောက်ဆွေးနွေးခဲ့သည့် ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ခရီးစဉ်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
''ဒီဖိုရမ်မှာ ခရီးသွားကဏ္ဍနဲ့ပတ်သက်ပြီး ရေရှည်တည်တံ့တဲ့ ခရီးသွား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးနိုင်ငံကြား ပိုမိုပူးပေါင်းဆောင်ရွက် သွားဖို့၊ ခရီးသွားကဏ္ဍတိုးတက်ရေးအတွက် မူဝါဒများကို ချမှတ်ဆောင်ရွက် နိုင်ဖို့၊Eco Tourism နဲ့ပတ်သက်ပြီးတော့မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ခရီးသွားဆိုင်ရာ သတင်းအချက်အလက်တွေ ပူးပေါင်းဆောင်ရွက်ဖို့ အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့တယ်။ အဲဒါအပြင် ခရီးသွားကဏ္ဍမှာ ငါးနိုင်ငံကို လာရောက် လည်ပတ်တဲ့ ခရီးသွားတွေအတွက် ဗီဇာတစ်ခုတည်းယူလိုက်ရုံနဲ့ ငါးနိုင်ငံလုံး သွားရောက်နိုင်ရေးစနစ်ကို ကျင့်သုံးနိုင်ရေးကိုလည်း ဆွေးနွေးပါတယ်။ နယ်စပ်ဖြတ်ကျော်သွားလာရေး ခရီးများအတွက်လည်း ချောမွေ့စေဖို့ ဆွေးနွေး ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ယင်းသို့ ညှိနှိုင်းဆောင်ရွက်ခဲ့ရာတွင် ငါးနိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက် နိုင်ရေးကို အလေးထားဆောင်ရွက်ခဲ့ပြီး ငါးနိုင်ငံ တစ်ခုတည်းသော ဗီဇာ ရရှိရေးနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုများ လွယ်ကူချောမွေ့စေရေး များကိုမူ ကနဦးဆွေးနွေး တင်ပြခဲ့ကြခြင်းသာဖြစ်ကြောင်း သိရသည်။
''အခုဖိုရမ်က ပထမအကြိမ် ကျင်းပတာဖြစ်ပါတယ်။ CLMVT ဟာ အမှန်တော့ အာဆီယံအဖွဲ့ဝင်တွေပါပဲ။ GMS လို့ခေါ်တဲ့ မဲခေါင်မြစ်ဝှမ်း ဒေသရဲ့ အဖွဲ့ဝင်နိုင်ငံတွေလည်းဖြစ်တဲ့အတွက် တစ်နည်းအားဖြင့် အာဆီယံ ရဲ့Framework အာဆီယံရဲ့ နည်းဗျူဟာ၊ စီမံကိန်းတွေက ရှိပြီးသားဖြစ်ပါ တယ်။ အာဆီယံအတွင်းမှာမှ နယ်မြေဒေသရော၊ ဘာသာယဉ်ကျေးမှုရော ဆက်စပ်မှုရှိတဲ့ ဒီငါးနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ရေးကို ဘာတွေလုပ်နိုင်မလဲ ရည်ရွယ်ပြီးတော့ ဒီဖိုရမ်ကြီးကို ကျင်းပတာပါ။ တစ်နည်းအားဖြင့် နိုင်ငံ ငါးခုကနေ ခရီးစဉ်ဒေသတစ်ခုတည်းကို သွားလာနိုင်ရေး၊ နိုင်ငံတွေကြားမှာ ဖြစ်ပေါ်နေတဲ့ Single Visa ပေါ့။ ဗီဇာတစ်ခုတည်းဆိုတဲ့ အခြေအနေမျိုး ဖြစ်ပေါ်လာခဲ့မယ်ဆိုရင် ဒေသတွင်း နိုင်ငံအချင်းချင်းတွေသာမက တတိယ နိုင်ငံတွေကလာတဲ့ ဧည့်သည်တွေအတွက်ပါ တစ်နိုင်ငံရဲ့ ဗီဇာကိုရတာနဲ့ တခြားလေးနိုင်ငံကိုပါ သွားလာနိုင်တယ်ဆိုတဲ့ဟာကို စတင်ဆွေးနွေးတာပါ။
ဒါက ဆွေးနွေးညှိနှိုင်းတင်ပြတာပဲ ရှိသေးတဲ့အတွက် ဒီဖြစ်စဉ် ဖြစ်လာဖို့ အတွက်က အချိန်ထပ်ယူရမှာပါ။ နောက်တစ်ခုက နယ်စပ်ဖြတ်ကျော်တွေမှာ အခုထက် ပိုကောင်းမွန်အောင်လုပ်ဖို့ ဆွေးနွေးတာပါ။ နိုင်ငံတွေရဲ့ အမျိုးသား အကျိုးစီးပွားနဲ့ လုံခြုံရေးကိုလည်း ကြည့်ရမှာဖြစ်တဲ့အတွက် လက်ရှိအားဖြင့်တော့ နယ်စပ်ဖြတ်ကျော်တွေ အားလုံးက လွယ်ကူချောမွေ့ခြင်းမရှိသေး သော်လည်း ဒီငါးနိုင်ငံကတော့ တစ်ချိန်ချိန်မှာ ဖြေလျှော့ပြီး အတားအဆီးမရှိ သွားလာနိုင်ဖို့ ရည်ရွယ်ချက်ဖြစ်ပါတယ်''ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်နှင့်ပတ်သက်ပြီး ဖြည့်စွက်ရှင်းပြသည်။
မြန်မာနိုင်ငံအနေဖြင့် တံခါးဖွင့်ဝါဒ ကျင့်သုံးခဲ့သည့်ကာလ မကြာသေး သော်လည်း ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ဒေသတွင်းနိုင်ငံများအပြင် နိုင်ငံတကာတို့နှင့် ပူးပေါင်းဆောင်ရွက်ကာ ဆင်းရဲမွဲတေမှုလျှော့ချရေးတွင် ထိရောက်သော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ရပ်ရွာလူထုအခြေပြု ခရီးသွား ကဏ္ဍ အောင်မြင်စေရေး၊ စားဝတ်နေရေးနှင့် လူနေမှုဘဝမြှင့်တင်နိုင်ရေး အတွက် ခရီးသွားကဏ္ဍမှ အထောက်အကူပြုဆောင်ရွက်သွားနိုင်ရေး ဆောင်ရွက်သွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment