တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ညနေ ၄ နာရီ ၄၅ မိနစ်တွင် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်ဖြစ်သူ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် (အိန္ဒိယ၀န်ကြီးချုပ်ရုံးဝန်ကြီး) H.E. Mr. Ajit Doval အား ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ ပထမသက်တမ်းကာလမှ ဒုတိယသက်တမ်းသို့ အေးအေးချမ်းချမ်းဖြင့် အောင်မြင်စွာလွှဲပြောင်းခဲ့မှုနှင့် တည်ငြိမ်စွာ ဆက်လက်လုပ်ဆောင်မှုအခြေအနေများ၊ ငြိမ်းချမ်းရေးကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုမြှင့်တင်ရေး၊ နယ်စပ်ဒေသစီမံခန့်ခွဲမှု ဆိုင်ရာများနှင့် နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆိုင်ရာများအား အပြန်အလှန်အမြင်ချင်းဖလှယ်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်နှင့်အတူ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Dr. S. Jaishankan၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး ယာယီတာဝန်ခံ Mr. B. Shyam၊ စစ်သံမှူး Col.Gaurav Sharma နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် H.E. Mr. Ajit Doval တို့သည် လက်ဆောင်ပစ္စည်းများပေးအပ်ပြီး အဖွဲ့ဝင်များနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
Credit To >>> မြ၀တီ
0 comments:
Post a Comment