16.6.16

၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၃၂၃၆ မဂ္ဂါဝပ်အထိ ရှိနေပြီး အမှန် ထုတ်လုပ်နိုင်အား မဂ္ဂါဝပ် ၂၇၀၀ သာ ရှိရာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၃၆ မဂ္ဂါဝပ် ရှိနေ


၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၃၂၃၆ မဂ္ဂါဝပ် ရှိပြီး အမှန် ထုတ်လုပ်နိုင်အား ၂၇၀၀ မဂ္ဂါဝပ် ရှိကာ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းရန် လိုအပ်ချက် ၅၃၆ မဂ္ဂါဝပ် ရှိနေကြောင်း လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန၏ အစီရင်ခံစာများ အရ သိရသည်။
၂၀၁၆ ခုနှစ် လက်ရှိ အချိန်အထိ ရေအား လျှပ်စစ်မှ မဂ္ဂါဝပ် ၁၉၀၀ ထုတ်လုပ်နေပြီး သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများမှ မဂ္ဂါဝပ် ၈၀၀ ထုတ်လုပ်ပေးနေခြင်း ဖြစ်သည်။ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၆၆၀ မဂ္ဂါဝပ် ရှိမည်ဟု ခန့်မှန်းထားပြီး ထုတ်လုပ်နိုင်မှု ဓာတ်အား မဂ္ဂါဝပ် ၃၇၀၀ ရှိမည်ဟု မျှော်မှန်းထားရာ ဓာတ်အား ဖြည့်ဆည်းရန် လိုအပ်ချက် မဂ္ဂါဝပ် ၂၀၀၀ ခန့် ရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်း ၀န်းကျင် မြင့်တက်လျက် ရှိပြီး နှစ်အလိုက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များမှာ ၂၀၁၀ ပြည့်နှစ်တွင် ၁၃၇၁ မဂ္ဂါဝပ်၊ ၂၀၁၁ ခုနှစ်တွင် ၁၅၈၈ မဂ္ဂါဝပ်၊ ၂၀၁၂ ခုနှစ်တွင် ၁၈၅၀ မဂ္ဂါဝပ်၊ ၂၀၁၃ ခုနှစ်တွင် ၂၁၂၈ မဂ္ဂါဝပ်၊ ၂၀၁၄ ခုနှစ်တွင် ၂၄၄၇ မဂ္ဂါဝပ်၊ ၂၀၁၅ ခုနှစ်တွင် ၂၈၁၄ မဂ္ဂါဝပ်နှင့် ၂၀၁၆ ခုနှစ်တွင် ၃၂၃၆ မဂ္ဂါဝပ်အထိ လိုအပ်နေခြင်း ဖြစ်သည်။

လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကြောင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ တိုးမြှင့် ဖွင့်လှစ်ခဲ့သော်လည်း လက်ရှိ အချိန်အထိ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ၂၇၀၀ မဂ္ဂါဝပ် ၀န်းကျင်သာ သုံးစွဲနိုင်သေးခြင်းကြောင့် စီမံကိန်းသစ်များ မဆောင်ရွက်နိုင်ပါက ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနိုင်ကြောင်းနှင့် ရေအား၊ သဘာဝ ဓာတ်ငွေ့၊ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံများ ထပ်မံတိုးချဲ့ တည်ဆောက်သွားမှသာ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိနိုင်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်မှ ၆၆ ရာခိုင်နှုန်းကျော်၊ သဘာဝဓာတ်ငွေ့မှ ၂၉ ရာခိုင်နှုန်းခန့်နှင့် ကျောက်မီးသွေးမှ သုံးရာခိုင်နှုန်းဝန်းကျင် ပါဝင်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိ အချိန်အထိ တည်ဆောက်ပြီးခဲ့သည့် ရေအား၊ သဘာဝဓာတ်ငွေ့၊ ဒီဇယ်နှင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများတွင် စုစုပေါင်း စက်တပ်ဆင်အား မဂ္ဂါဝပ် ၅၂၀၀ ကျော် ရှိပြီး နိုင်ငံတော် ဓာတ်အားစနစ်မှ ထုတ်လုပ်ဖြန့်ဖြူးမှုမှာ ၂၀၁၆ ခုနှစ် လက်ရှိ အချိန်တွင် မဂ္ဂါဝပ် ၂၇၀၀ ၀န်းကျင် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အိမ်ထောင်စု ၁၀ သန်း(လူဦးရေ ၅၁ သန်း) ရှိသည့်အနက် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် အိမ်ထောင်စု ၂ ဒသမ ၂၂ သန်းသာ မီးသုံးစွဲနိုင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အိမ်ထောင်စုပေါင်း ၃ ဒသမ ၇ သန်းအထိ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ခဲ့သည်။ ငါးနှစ်တာ ကာလအတွင်း အိမ်ထောင်စု ၁ ဒသမ ၄၈ သန်း (လူဦးရေ ၇ ဒသမ ၄ သန်း) ကို လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးအပ်နိုင်ခြင်း ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား မရရှိသေးသည့် အိမ်ထောင်စုပေါင်း ၆ ဒသမ ၈ သန်း (လူဦးရေ ၃၄ ဒသမ ၆၈ သန်း) ရှိနေဆဲဖြစ်သည်။ 
Credit To >>> The Voice Weekly      

0 comments:

Post a Comment