4.6.16

တာချီလိတ်တွင် တစ်ရက်အတွင်း သေနတ်ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားကာ တစ်ဦးသေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၌ တစ်ရက်အတွင်း သေနတ်ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့သည့်အတွက် တစ်ဦး ဒဏ်ရာရရှိကာ တစ်ဦးသေဆုံးခဲ့ကြောင်း သတင်းများအရ သိရသည်။
ဇွန်၂ ရက် နံနက်က တာချီလိတ်မြို့၊ မယ်ခေါင် ရပ်ကွက်၊ ၉ လမ်း၌ အားဂါနှင့် လော်ယာတို့ ဆိုင်ကယ်ပေါင်သည့် ကိစ္စဖြင့် စကားများရာမှ အားဂါက ခြောက်လုံးပြူးသေနတ်ဖြင့် တစ်ချက် ပစ်ရာ လော်ယာနှင့်အတူ ပါလာသည့် သက်ဟိန်းစိုးအား ထိမှန် ခဲ့ပြီး အားဂါမှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့သည်ဟု ဆိုသည်။
သေနတ်ပစ်ခတ်ခံရမှုကြောင့် သက်ဟိန်းစိုးတွင် ဒဏ်ရာများရရှိကာ တာချီလိတ် ပြည်သူ့ဆေးရုံ၌ ခွဲစိတ်ကုသမှု ခံယူလျက်ရှိပြီး ထွက်ပြေးသွားသည့် အားဂါကို တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ဇွန် ၂ ရက် ညနေ ၅ နာရီခွဲခန့်က တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ဝမ်ကောင်း ၁ ကျေးရွာနေ ဦးအားဂျာအား ယောက်ဖတော်စပ်သူ အားဂေ့က တူမီးသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာများ ပြင်းထန်စွာရရှိပြီး တာချီလိတ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားခဲ့သည်ဟု ဆို၏။
တူမီးသေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးနေသည့် အားဂေ့အား တာချီလိတ် မြို့မရဲစခန်းက အမှုဖွင့်လှစ်၍ အမြန်ဆုံး ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ တရားမဝင် လက်နက် ကိုင်ဆောင်နေ သူများကြောင့် စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသခံများက ဆိုသည်။



Credit To >>> The Ladies News

0 comments:

Post a Comment