15.6.16

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ)အကြိုပြင်ဆင်ရေး 'ဝ'၊ မိုင်းလားအဖွဲ့များအား သွားရောက်တွေ့ဆုံမည်


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ) အကြိုပြင်ဆင်ရေးဆပ်ကော်မတီ(၂)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးစု ဖက်ဒရယ်ကောင်စီ(UNFC) က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဒုတိယအကြိမ်မြောက် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ) အကြိုပြင်ဆင်ရေးဆပ်ကော်မတီ(၂) အတွင်းရေးမှူး ဦးလှမောင်ရွှေက ''ကျွန်တော်တို့ ဆပ်ကော်မတီ(၂)အနေနဲ့ ပြည်တွင်းမှာ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် ဇွန်လ ၁၁ ရက်ပါရက်စွဲနဲ့ UNFC အဖွဲ့ကိုစာပို့တယ်။ သူတို့ အကြောင်း ပြန်တာကတော့ ကော်မတီအနေနဲ့ ထပ်မံပြီးလာရောက်တွေ့ဆုံဖို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ ဒုတိယအကြိမ်မြောက် သွားရောက်တွေ့ဆုံပါမယ်။ ရှေ့လာမယ့် ဇွန်လ တတိယပတ်လောက်မှာ UNFC က ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ကျွန်တော်တို့ ဆပ်ကော်မတီ (၂) တို့ သွားရောက်တွေ့ဆုံပါမယ်။ ဒါက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစု ပင်လုံ)မှာ သူတို့ပါဝင်လာနိုင်ရေးအတွက် ထပ်မံပြီးသွားရောက်ဆွေးနွေးတာပါ'' ဟု ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ) အကြိုပြင်ဆင် ရေးဆပ်ကော်မတီ(၁)သည် ဇွန် ၉ ရက်မှ ၁၂ ရက်အထိ NCA စာချုပ်လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့များ (၂၁)ရာစု ပင်လုံတွင် ပါဝင်လာနိုင်ရေးအတွက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် အား NCA မူဘောင်အတွင်းမှနေ၍ ပြန်လည်ပြင်ဆင်ရန် ဆွေးနွေးခဲ့ပြီးဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ) အကြို ပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦးက ''ကျွန်တော်တို့တွေ ရှေ့ဆက်ပြီး နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ပြန်လည်သုံးသပ်မယ်။ Review လုပ်မယ်။ နောက်မူကြမ်းတွေပြုစုမယ်။ မူကြမ်းအဆင့်အထိ ကတော့ NCA လက်မှတ်မထိုးထားတဲ့အဖွဲ့တွေ ပါခွင့်ရှိတယ်။ တစ်နိုင်ငံ လုံးပစ်ခတ်ခိုက်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အရ မူကြမ်းကို အတည်ပြုတော့မယ်ဆိုရင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နဲ့ သူ့အပေါ်မှာရှိတဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)ပဲ ဖြစ်ပါတယ်။ အဲဒီအဆင့်ထိ ရောက်လာရင်တော့ ပါဝင်နိုင်တဲ့သူက ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ (UPDJC) ရဲ့ အဖွဲ့ဝင်ဖြစ်မှရမယ်။ UPDJC အဖွဲ့ဝင်ဖြစ်ဖို့ဆိုရင် NCA မှာ လက်မှတ်ထိုးထားမှရမယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေ ဝင်လာတဲ့အခါ သက်သောင့်သက်သာနဲ့ပါဝင်ပြီး ဆွေးနွေးလို့ရအောင်၊ သူတို့လည်း မူဘောင်ကိုပါဝင်ပြီးတော့ ပြန်ပြီးရေးသားလို့ရအောင်ဆိုပြီး စဉ်းစားဆွေးနွေးနေတယ်။ ဆပ်ကော်မတီ(၂)ကလည်း လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေ (၂၁) ရာစု ပင်လုံမှာ ပါဝင်လာနိုင်အောင် ရှင်းပြမှုတွေ ပြုလုပ်နေပါတယ်''ဟု ပြောသည်။
လက်ရှိတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) အကြိုပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် အဖွဲ့သည် ''ဝ'' (UWSA)၊ မိုင်းလား (NDAA) အဖွဲ့များ (၂၁) ရာစု ပင်လုံတွင် ပါဝင်နိုင်ရန်အတွက် တွေ့ဆုံဖိတ်ခေါ်မည်ဖြစ်သလို အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ(၂)မှလည်း UNFC နှင့် တွေ့ဆုံမည်ဖြစ်သည်။
ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ရေးထိုးထားခြင်းမပြုရသေးသည့် တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံသွားမည့်အခြေအနေကို ဦးလှမောင်ရွှေ က '' 'ဝ'၊ မိုင်းလားတို့က ဥက္ကဋ္ဌနဲ့တွေ့ဖို့ ကျိုင်းတုံလား၊ မိုင်းလားမှာလားဆို တာတော့ သေချာမသိသေးဘူး။ တွေ့ဆုံတဲ့နေရာက ရာသီဥတုအခြေ အနေပေါ်မူတည်ပြီး ကျိုင်းတုံဆိုပေမယ့် မိုင်းလားမှာလည်း တွေ့ဆုံနိုင်ပါတယ်။ တွေ့ဆုံမယ့်ရက်ကတော့ ဇွန် ၁၇ ရက် ဒါမှမဟုတ် ၁၈ ရက် တစ်ခုခုပါ'' ဟု ပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)ကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈) ဖွဲ့ က လက်မှတ်ရေးထိုးကာ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ပထမဆုံးအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကျင်းပနိုင်ခဲ့သည်။
NCA စာချုပ် လက်မှတ်ရေးထိုးခဲ့သည် အဖွဲ့အစည်းများမှာ ကရင် အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) နှင့် ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) တို့ဖြစ်သည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment