
ပြည်သူလူထုဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများ အောင်မြင်ရန် အတွက် နိုင်ငံတကာ ဆက်ဆံရေး ကောင်းမွန်ရန် မြန်မာသံအမတ်ကြီးများအနေဖြင့် ပိုမိုအလေးထားလုပ်ဆောင်သွားရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အာရှဒေသရှိ မြန်မာသံအမတ်ကြီးများ နှင့် ယနေ့ ဇွန် ၁၄ ရက်တွင် တွေ့ဆုံရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် သံတမန်ရေးရာ နည်းလမ်းဖြင့် မိမိတို့နိုင်ငံကို ကာကွယ်ပေးရန်၊ လူမှုရေးအရ နိုင်ငံသူ၊ နိုင်ငံသားများနှင့် နိုင်ငံသားဟောင်းများကို ကာကွယ်စောင့်ရှောက်သွားရန်၊ မိမိတို့ထက် ရုပ်ပိုင်းဆိုင်ရာ များစွာရှေ့ရောက်နေသည့် နိုင်ငံများနှင့် ဆက်ဆံရာတွင် နှလုံးရည်၊ ဥာဏစွမ်းရည်နှင့် မိမိတို့ပြည်သူများ၏ ညီညီညွတ်ညွတ်ထောက်ခံမှုကို အသုံးပြုဆောင်ရွက်သွားကြရန်၊ ပြည်သူလူထုထောက်ခံမှ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မည်ဖြစ်ပြီး နိုင်ငံခြားရေးမူဝါဒအောင်မြင်မှ ပြည်သူလူထုကို ပံ့ပိုးနိုင်မည်ဖြစ်ကြောင်း သတိချပ်ရန် စသည်တို့ကို ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာသံအမတ်ကြီးများအား လမ်းညွှန် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် အစိုးရသစ်၏မူဝါဒများနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာသံရုံးများ၏ ဆောင်ရွက် နေသည့် လုပ်ငန်းများညှိနှိုင်းရေး ကိစ္စရပ်များကိုလည်းကောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အာရှဒေသမှ မြန်မာသံအမတ်ကြီး ၁၈ ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် အာရှနိုင်ငံများ ဖြစ်သည့် အိန္ဒိယ သမ္မတနိုင်ငံ ၊ ကိုရီးယား သမ္မတနိုင်ငံ ၊ ဘရူနိုင်း ဒါရုဆလမ် နိုင်ငံ ၊ အင်ဒိုနီရှား သမ္မတနိုင်ငံ ၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ၊ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ ၊ သီရိလကာင်္ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတ နိုင်ငံ ၊ ဖိလစ်ပိုင် သမ္မတနိုင်ငံ ၊ စင်ကာပူ သမ္မတနိုင်ငံ ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ မလေးရှား နိုင်ငံ ၊ ပါကစ္စတန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ နီပေါ နိုင်ငံ ၊ ဂျပန် နိုင်ငံ ၊ ကမ္ဘောဒီးယား နိုင်ငံ နှင့် တောင်အာဖရိက သမ္မတနိုင်ငံ ၊ အစ္စရေး နိုင်ငံတို့ဆိုင်ရာ မြန်မာ သံအမတ်များ ပါဝင်ကြောင်း သိရသည်။
# Xinhua Myanmar
0 comments:
Post a Comment